မြန်မာ့သဘာ၀ ဓာတ်ငွေ့ကို တရက်လျှင် ကုဗပေ ၂ ဘီလီယံနှုန်းဖြင့် လာမည့် နှစ် ၂၀ အထိ ဝယ်ယူရန် စီစဉ်နေကြောင်း ထိုင်းစွမ်းအင်ဝန်ကြီးဋ္ဌာနမှ ယမန်နေ့က တရားဝင်ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်တွင် ကျင်းပနေသည့် ၄ ကြိမ်မြောက် မဟာမဲခေါင်ဒေသတွင်းနိုင်ငံများ ဆွေးနွေးပွဲလာရောက်သည့် ကာလအတွင်း ထိုင်းစွမ်းအင်ဝန်ကြီးနှင့် မြန်မာစွမ်းအင်ဝန်ကြီးတို့ သီးခြား တွေ့ဆုံပြီး သဘာဝဓာတ်ငွေ့ ရောင်းဝယ်ရေး ဆွေးနွေးကြခြင်းဖြစ်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်၏ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်တွင် ထိုင်းစွမ်းအင်ဝန်ကြီးအပါအဝင် ထိုင်းနိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီဖြစ်သည့် PTT ကုမ္ပဏီမှ တာဝန်ရှိသူများလည်း လိုက်ပါသွားခဲ့သည်။
ထိုင်း သတ္ထုလောင်စာ ဌာနမှ ညွှန်ကြားရေးမှူးချုပ် Songpob Polchan က ထိုင်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်မှာ တနေ့လျှင် ကုဗပေ ၄ ဘီလီယံခန့် ရှိသော်လည်း လက်ရှိတွင် ၁.၁ ဘီလီယံခန့်သာ သုံးစွဲနိုင်သေးကြောင်းပြောသည်။
“လျှပ်စစ်ဓာတ်အား လိုအပ်ချက်က တဖြည်းဖြည်း မြင့်တက်နေတယ်။ လောလောဆယ် ထိုင်းပင်လယ်ကွေ့က ထုတ်တဲ့ သဘာဝဓာတ်ငွေ့ကို သုံးနေရတယ်” ဟု ၎င်းက Reuters သတင်းဌာနသို့ ပြောဆိုသည်။
ထိုင်းနိုင်ငံသည် မြင့်တက်လာသည့် ပြည်တွင်း စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများတွင် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လျက်ရှိသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ မုတ္တမကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ဝယ်ယူလျက်ရှိပြီး ထားဝယ်ရေနက်ဆိပ်ကမ်းတွင်လည်း ရင်းနှီးမြုပ်နှံမှုများ လုပ်ကိုင်နေသည်။
ထိုင်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို မြန်မာ့သဘောဝဓာတ်ငွေ့မှ ရရှိနေသည်။
မဟာမဲခေါင်ဒေသတွင်း ထိပ်သီးအစည်းအဝေး ခရီးစဉ်အတွင်း မစ္စ ယင့်လပ် ရှင်နာဝပ်သည် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန့်နေ့ ညနေက ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် တွေ့ဆုံခဲ့သည်။
ထိုနောက် ရွှေတိဂုံစေတီတေ်သို့ သွားရောက်ကာ ဗုဒ္ဓဟူးဂြိုလ်တိုင်ထောင့်၌ ရေသပ္ပာယ်ခြင်း၊ ကျောက်စိမ်းဘုရား ဖူးမြော်ခြင်းများလည်း ပြုလုပ်ခဲ့သည်။