ကရင် အမျိုးသား အစည်းအရုံး(KNU) နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန်အတွက် နှစ်ဘက် ကိုယ်စားလှယ်များ အကြိုညှိနှိုင်းမှုနှင့် အသေးစိတ် ဆွေးနွေးပွဲတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ပြု လုပ်သည်။
အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး KNU ဘက်မှ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုအားတိုး၊ ပဒိုဒေး ဗစ်ထောတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီဝင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ယနေ့ဆွေးနွေးပွဲနှင့်ပတ်သက်၍ KNU ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ၏ အဖွဲ့ခေါင်းဆောင် ပဒိုဒေးဗစ် သာ ကဘောက“ဒီနေ့တွေ့တာကတော့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ သူ့အမြင်ကိုယ့်အမြင် တွေကို ဆွေးနွေးကြတာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောကြားပြီး အသေးစိတ်ပြောကြားရန်ကိုမူ ငြင်းဆိုသည်။
KNU နှင့် အစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့် ဇန်နဝါရီလ ၁၂ နေ့တွင် ဘားအံမြို့ဠ် ပြုလုပ်ရန် ရှိသည်။
အစိုးရသည် KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ကို ယခုလ ၉ ရက်နေ့က ပြင်ဆင်ဖွဲ့စည်းလိုက်သည်ဟု သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးမင်းဇော်က လက်မှတ်ထိုးထုတ်ပြန်ခဲ့သည်။
အသစ်ဖွဲ့စည်းလိုက်သည့် ထိုအဖွဲ့တွင် ဦးအောင်မင်း ရထားပို့ဆောင်ရေးဝန်ကြီး၊ ဦးစိုးသိန်း စက်မှုဝန်ကြီး၊ ဦးအုန်းမြင့် သမဝါယမ ဝန်ကြီး၊ ဦးခင်ရီ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး၊ ဦးဝင်းထွန်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီး၊ ဦးသန်းဌေး စွမ်းအင်ဝန်ကြီး၊ ဗိုလ်ချုပ်ဇော်ဝင်း ဒု ဝန်ကြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဦးခင်မောင်စိုး အမှတ်၂ လျှပ်စစ် ဝန်ကြီး ဌာနနှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့ ဖြစ်သည်။
အစိုးရ၏ ယခင်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး အဖွဲ့ကို လက်ရှိှအာဏာရပါတီ၏ တောင်သာမြို့နယ် ပြည်သူ့လွတ် တော် ကိုယ်စားလှယ် ဦးအောင်သောင်းနှင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့နှင့် ဦးဆောင် ဖွဲ့စည်းခဲ့သော်လည်း အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ၎င်းအဖွဲ့ကို ကြိုက်နှစ်သက်မှုမရှိခြင်းကြောင့် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် တိုင်းရင်းသားအဖွဲ့ ၂ ဖွဲ့ မှ အဆင့်မြင့်ခေါင်းဆောင် ၂ ဦးက ဧရာဝတီသို့ ပြောသည်။
KNU သည်လည်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် နိုဝင်ဘာ ၁၀ ရက်က အဖွဲ့ဝင် ၇ ဦးပါရှိသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။
အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရနှင့် KNUထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင် များ အပြန်အလှန် အကြောင်းကြားရေး၊ ဗဟိုအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အတွက် နေ့ရက်၊ နေရာ သတ်မှတ်ရန် စသည့် အချက်များကို အစိုးရ ကိုယ်စားလှယ်များက ချပြထားကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းက KNUကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း KNU ကလည်း တွေ့ဆုံရန် ပြင်ဆင် ထားခဲ့သည်။
နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌ အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
KNU သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အစိုးရအဆက်ဆက်ကို ၁၉၄၉ ခုနှစ်ဇန်နဝါရီ လ ၃၁ ရက်နေ့က စတင်ကာ လက်နက်ကိုင်တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီဖြစ်သည်။