တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို တည်ဆောက်နေသည့် အီတာလျံ-ထိုင်း Italian-Thai Development (ITD) ကုမ္ပဏီမှ ကား ၁၆ စီးနှင့် ကားသမားများကို BBKဟု ဆိုသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ယမန်နေ့က ပြန်ပေးဆွဲကြောင်း သိရသည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်ထားသော ကားလမ်းပေါ်တွင် အလုပ်လုပ်နေစဉ် ပြန် ပေးဆွဲခဲ့ခြင်း ဖြစ်သည်။
ပြန်ပေးဆွဲထားသည့် ကားများကို ၆ နာရီခန့် ထိန်းသိမ်းထားပြီး နေ့လယ် ၁၂ နာရီတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ကရင်တိုင်းရင်း သား သတင်းဌာန ကွယ်ကလူမှ အယ်ဒီတာ စောအယ်နာက ဧရာဝတီသို့ ပြောသည်။
“အဲဒီနေ့ မနက်မှာ ပြန်ပေးဆွဲပြီးတော့ နေ့လယ် ၁၂ နာရီမှာ ပြန်လွှတ်ပေးလိုက်တယ်၊ ကားသမားတွေဆီက ဂြိုဟ်တုဖုန်း ၃ လုံးနဲ့ ဘတ်ငွေ ၁၀၀၀၀ သိမ်းယူလိုက်တယ်”ဟု ၎င်းက ဆိုသည်။
BBK လက်နက်ကိုင်အဖွဲ့က ၎င်းတို့၏ ပိုင်နက်အတွင်း၌ အလုပ်သမားများ ကျူးကျော် ဝင်ရောက်ပြီး အလုပ်လုပ်မည်ဆိုလျှင် တဦးကို ဘတ်ငွေ ၁၀၀၀ ပေးဆောင်ရန် သတိပေးခဲ့ကြောင်း စောအယ်နာက ဆက်ပြောသည်။
ယင်းဒေသတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၄ တပ်ဖွဲ့ဝင်များ လှုပ်ရှားနေပြီး ITD ကုမ္ပဏီ က လမ်းဖောက်လုပ် နေခြင်း ဖြစ်သည်။
ITD ကုမ္ပဏီမှ ကားများကို ပြန်ပေးဆွဲခဲ့သော BBK တပ်ဖွဲ့သည် မည်သည့် အဖွဲ့အစည်း ဖြစ်ကြောင်း မသိရှိရသေးပေ။
KNU ထားဝယ်ခရိုင် ဥက္ကဌ စောကွယ်ထူးဝင်းကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ ITD ကုမ္ပဏီက အကြောင်းကြားထား သော ကြောင့်၊ ၎င်း၏ KNU တပ်ဖွဲ့ဝင်များကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း ITD ကုမ္ပဏီတွင် အလုပ်လုပ်နေသော အလုပ်သမား ၅၀ခန့်သည် အစိုးရတပ်နှင့် KNU တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်းမကန် မြောက်ဘက်တွင်ရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ITD ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သံမဏိစက်ရုံများ၊ ရေနံသန့်စင်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အဝန်းရှိကြောင်း စီမံကိန်း ဆောက်လုပ်ခွင့်ရ ITD ကုမ္ပဏီ၏ မှတ်တမ်းများအရ သိရသည်။
မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကုန်တင် သင်္ဘောကြီး ၂၅ စင်းတပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု သိရသည်။
ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက် ဆိပ် ကမ်း စီမံကိန်း၏ အရေးပါပုံ၊ စီမံကိန်းကြောင့် နိုင်ငံ၏စီးပွားရေး တိုးတက်လာနိုင်ပုံတို့ကို မြန်မာစာနယ်ဇင်းများတွင် ဖော်ပြခဲ့ကြ သည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိပြီး ဆုံးရှုံးနစ်နာမှုများ ရှိလာမည်ကို စိုးရိမ်သောကြောင့် ITD ကုမ္ပဏီ ယာဉ်များ KNUထိန်းချုပ်ဒေသတွင် သွားလာနေခြင်း မပြုလုပ်ရန် ပိတ်ပင်ခဲ့ဖူးသည်။