ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှတ်ပုံတင်ရေးအတွက် မနက်ဖြန် နံနက် ၇ နာရီခန့်တွင် လေကြောင်းခရီးဖြင့် ဒုတိယအကြိမ်မြောက်နေပြည်တော်သို့ သွားရောက်မည်ဖြစ်သည်။
ယခုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါတီခေါင်းဆောင် ဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်တို့ လိုက်ပါသွားမည်ဖြစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသည့် ဦးခွန်သာမြင့်က ပြောသည်။
“ကော်မရှင်ကို အရင်သွားမယ်။ ကြိုဆိုတာတွေတော့ ရှိမှာပါ။ ပြီးရင် နေ့ချင်းပြန်မယ်” ဟု ၎င်းက ဆိုသည်။
ယခုတကြိမ် နေပြည်တော်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန် တွေ့ဆုံမည်မဟုတ်ဘဲ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်သူလွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့နှင့်သာ တွေ့ဆုံဖွယ်ရှိကြောင်း ဦးခွန်သာမြင့်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပထမအကြိမ်အဖြစ် နေပြည်တော်သို့ ပြီးခဲ့သည့် သြဂုတ်လအတွင်းက စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် သွားခဲ့သည်။
ပထမအကြိမ်ခရီးစဉ်တွင် သမ္မတဦးသိန်းစိန် အပါအဝင် အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်း၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်၊ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုတွေ့ဆုံမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်အားရကြောင်း ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံရာတွင် “ဒီလှိုင်း” (Wave) အမည်ဖြင့် အပတ်စဉ် ထုတ်ဝေမည့် ပါတီစာစောင် အကြောင်းကိုလည်း တင်ပြရန်ရှိကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။
“မှတ်ပုံတင်ပြီး ပါတီတွေ ဆောင်ရွက်ခွင့်ရှိတဲ့အတိုင်း စာအုပ်စာတန်းတွေ၊ စာစောင်တွေ၊ မူဝါဒတွေထုတ်ဖို့ ပုံနိုပ်ထွက်ဝေခွင့် လှျှောက်မယ်” ဟု ၎င်းက ဆိုသည်။
ပါတီမှ ထုတ်ဝေမည့် စာစောင်များ၊ စာအုပ်စာတန်းများ၊ ပြက္ခဒိန်၊ ပို့စကတ် အစရှိသည်တို့အတွက် တာဝန်ခံအဖြစ် မိမိက ဆောင်ရွက်မည်ဖြစ်သည်ဟု ဦးအုန်းကြိုင်က ပြောသည်။
အဆိုပါ ဒီလှိုင်းစာစောင်တွင် ပါတီ အာဘော်များ၊ လှုပ်ရှားမှုများ သာမက နိုင်ငံတကာသတင်းများ ဝေဝေဆာဆာဖော်ပြသွားမည် သိရသည်။
NLD ပါတီသည် ၉၀ ခုနှစ်ရွေးကောက်ပွဲ မတိုင်မီကလည်း ပါတီနှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို ဖော်ပြသည့် မှတ်တမ်းလွှာ စာစောင်ကို ထုတ်ဝေဖူးသည်။