မွန်ပြည်သစ်ပါတီနှင့် အပြန်အလှန် ယုံကြည်မှု ရရှိပြီး ပထမဆုံးအကြိမ် ဆွေးနွေးမှုအပေါ် ရာနှုန်းပြည့် အားရကျေနပ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ခေါင်းဆောင်ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံ စံခရဘူရီမြို့ရှိ ဖွန်ဖုံလင်ဟိုတယ်တွင် မွန်ပြည်သစ်ပါတီနှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ယနေ့ကျင်းပသော ဆွေးနွေးပွဲအပြီး ဦးအောင်မင်းက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
မီးရထားပို့ဆောင်ရေး ဝန်ကြီးလည်း ဖြစ်သူ ဦးအောင်မင်းက“ရာနှှုန်းပြည့်အားရ ကျေနပ်မှုရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကလည်း ကျနော့်ကိုယုံတယ်၊ ကျနော်ကလည်းပဲ သူတို့ကို ယုံကြည်တယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးတာ အဓိက ယုံကြည်မှုပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ဆွေးနွေးပွဲသည် ပထမဆုံး စတင်တွေ့ဆုံခြင်းဖြစ်၍ သဘောတူညီမှု တစုံတရာ မရသေးကြောင်း နှစ်ဘက်စလုံးမှ ကိုယ်စားလှယ်များက ဆိုသည်။
ဦးအောင်မင်းက “အခုစပြီဆိုတော့ ဆက်ပြီး ဆွေးနွေးသွားမယ်။ နောက်လထဲမှာ ထပ်ပြီးတော့ ငြိမ်းချမ်းရေး ကိစ္စတွေ စကားပြောနိုင်ကြမှာပါ” ဟုလည်း ပြောသည်။
ဦးအောင်မင်းနှင့် အတူပါဝင်သော ကိုယ်စားလှယ်တဦးက ငြိမ်းချမ်းရေး တကယ်လိုချင်သောကြောင့် အပင်ပန်းခံ လာရောက်ခြင်းဖြစ်ကြောင်း၊ ယမန်နေ့က ကရင်အမျိုးအသားအစည်းအရုံး (KNU) နှင့် မဲဆောက်မြို့တွင် ဆွေးနွေးခဲ့သေးကြောင်း ပြောဆိုသည်။
မွန်ပြည်သစ်ပါတီဘက်မှ ကိုယ်စားလှယ်အဖြစ်ပါဝင်သော ဆရာတော် တပါးကမူ “အခုမှ စတာဆိုတော့ အားရကျေနပ်မှု မရှိသေးပါဘူး။ ဒီလိုပဲ အရင်တုန်းကလည်း အပစ်အခတ် ရပ်ခဲ့ပေမယ့် ဘာမှ ပြောင်းလဲမှု မရှိသေးတော့ သံသယတော့ ရှိနေတုန်းပါပဲ” ဟု ဧရာဝတီသို့ မိန့်သည်။
ယခင်က ငြိမ်းချမ်းရေးကိစ္စ ပျက်ပြားရသည်မှာ တဦးတယောက်တည်း၏ အမိန့်အာဏာကို လိုက်နာ ဆောင်ရွက်ခဲ့ကြသောကြောင့် ဖြစ်ကြောင်း၊ လက်ရှိဆွေးနွေးပွဲများသည် တဦးတယောက်၏ သဘောထားမဟုတ်ဘဲ အစိုးရတဖွဲ့လုံး အပြင် တခြားသော အဖွဲ့အစည်းများ၊ ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်လာသောကြောင့် ငြိမ်းချမ်းရေး ကိစ္စများ အောင်မြင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးအောင်မင်းက ပြောသည်။
ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီက ကချင်ဒေသတွင် ဆက်လက်တိုက်ခိုက်နေမှုကို တင်ပြခဲ့ပြီး တိုင်းရင်းသားဒေသ အားလုံးတွင် ငြိမ်းချမ်းရေးလုပ်ရန် ပြောဆိုသည့်အခါ ဦးအောင်မင်းက ကချင်ဒေသမှ စစ်ပွဲများသည် အစိုးရကြောင့် မဟုတ်ကြောင်း၊ KIA က စတင် တိုက်ခိုက်ခြင်းကြောင့်ဖြစ်ကြောင်း ကာကွယ်ပြောဆိုသွားသည်ဟု သိရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့်လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေး မရမချင်း ဆက်လက်ဆွေးနွေးမည်ဟု ဦးအောင်မင်းက ဆိုသည်။
KIA နှင့် အစိုးရတပ်တို့ ဆက်လက် တိုက်ခိုက်နေခြင်းနှင့် ပတ်သက်၍ ဦးအောင်မင်းက“ဒါက နိုင်ငံတော်သမ္မတက တဖက်သတ် အပစ်အခတ်ရပ်စဲလိုက်ပြီ။ သမ္မတရဲ့လမ်းညွန်ချက်က တပ်တွေအဆင်ဆင့် ရောက်သွားရင်တော့ အားလုံးပြီးသွားပါပြီ” ဟု ပြောသည်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းကို သဘောထားပျော့ပျောင်းသူ၊ နားထောင်ပေးတတ်သူ၊ စိတ်ရှည်သူတဦးအဖြစ် ရှုမြင်ကြောင်း မွန်ဆရာတော်က မိန့်သည်။
“သူကစိတ်ရှည်ရှည်နဲ့ ဒီဘက်က ပြောတာကို နားထောင်ပေးတယ်၊ ဆွေးနွေးတယ်၊ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့လည်း သူက ဆွေးနွေးသေးတယ်။ ဒါပေမယ့် မွန်ပြည်သစ်ကတော့ ငြိမ်းချမ်းရေးကိစ္စကိုပဲ အဓိက လိုချင်တဲ့အကြောင်းတွေကို ဆွေးနွေးပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
မွန်ပြည်သစ်အနေဖြင့် ငြိမ်းချမ်းရေးကိစ္စကို ကနဦး ဆွေးနွေးသော်လည်း နိုင်ငံရေး ဆွေးနွေးပွဲကိုမူ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် ဆွေးနွေးလိုကြောင်း ဦးအောင်မင်းသို့ ပြောရာ ထိုကိစ္စကို ဗဟိုအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြမည်ဟု အဖြေပေးကြောင်း မွန်ပြည်သစ်ပါတီ ကော်မတီဝင်တဦးက ဆိုသည်။
ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် မြန်မာအီးဂရက်စ်မှ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဒေါက်တာနေဝင်းမောင် စသည့်ပုဂ္ဂိုလ်များနှင့် မွန်ပြည်သစ်ပါတီဘက်မှ ပါတီအတွင်းရေးမှူး ဦးနိုင်ဟံသာ၊ မွန်ဆရာတော်နှစ်ပါးနှင့် အဖွဲ့ဝင် ပုဂ္ဂိုလ်တချို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီး ပြန်ခါနီးတွင် ဦးအောင်မင်းက မွန်ဆရာတော်နှစ်ပါးကို ဂါရဝပြု လက်ဆောင်ပေးအပ် ရှိခိုးပြီး “ငြိမ်းချမ်းရေး မြန်မြန် ရအောင် ဆုတောင်းပေးကြပါဘုရား။ တပည့်တော်လည်း အောင်မြင်အောင် ကြိုးစားပါ့မယ် ဘုရား”ဟု လျှောက်ထားခဲ့ကြောင်း၊ နေ့လယ် ၁၂ နာရီကျော်တွင် ဆွေးနွေးပွဲ ကိစ္စများကို အဆုံးသတ်ခဲ့ကြကြောင်း သိရသည်။