မြန်မာနိုင်ငံသား ၃ ဦးကို ရာဘ (ခေါ်) မက်သာ အဖက်တမင်း စိတ်ကြွဆေးပြား ၄၀၀၀ ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများကို ထိုင်းရဲများက ယူးဆစ်ဆေးဝါး ဝယ်လိုသူအဖြစ် ဟန်ဆောင်၍ စမွတ်ပရာကန်ခရိုင်၊ ပရပ်ပဒန်းမြို့နယ်ရှိ Big C ကုန်တိုက်အနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စိတ်ကြွဆေးပြားများ၏ တန်ဖိုးမှာ ခန့်မှန်းခြေ ဘတ် ၃ သိန်း ၅ သောင်း (ကျပ် သိန်း ၉၀ ခန့်) တန်ဖိုးရှိကြောင်း ထိုင်းသတင်းဝက်ဘ်ဆိုဒ်တခုဖြစ်သည့် Post Today တွင် ဖော်ပြထားသည်။
အဖမ်းခံရသူများသည် အသက် ၂၁၊ အသက် ၂၃ နှစ် နှင့် ၃၉ နှစ် အရွယ်များဖြစ်ပြီး ၎င်းတို့သည် ပရပ်ပဒန်းမြို့နယ်နှင့် ဘန်ကောက် အနီးတဝိုက်တွင် စိတ်ကြွဆေးပြားများကို ရောင်းချနေခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသူများထဲမှ တဦးက “ချင်းရိုင်မြို့နယ် အကျဉ်းထောင်မှာရှိတဲ့ မြန်မာနိုင်ငံသား တယောက်ဆီကနေ အဆက်အသွယ်ရပြီးတော့ ကျနော်တို့တွေ ဒီလိုမျိုး လုပ်နေတာ အကြိမ် မနည်းတော့ဘူး။ ဆေးတွေရောင်းလို့ ရတဲ့ငွေကို ကျနော်တို့ ၃ ယောက် ရသင့်ရထိုက်တာ ယူပြီး ကျန်တဲ့ငွေတွေကို အဲဒီလူဆီကို ပြန်လွှဲပေးရတယ်” ဟု ထွက်ဆိုကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လတွင်လည်း မြန်မာနိုင်ငံသား ၃ ဦးကို ဘတ် သန်း ၁၀၀ (အမေရိကန် ဒေါ်လာ ၃ သန်း) ခန့် တန်ဖိုးရှိသော စိတ်ကြွဆေးပြားများဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးမိခဲ့သည်။
ထိုင်းအခြေအစိုက် ရှမ်းပြည်နယ် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ရှမ်းပြည်နယ် ဒေသအများစုတွင် ဘိန်းစိုက်ပျိုးမှု ပို၍တိုးလာကြောင်း ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်တွင် မြို့နယ်ပေါင်း ၅၅ မြို့နယ်ရှိသည့် အနက် ၄၅ မြို့နယ်တွင် ၂၀၁၀ ခုနှစ်မှစ၍ ၂ နှစ် အတွင်း စာရင်းပြုစုခဲ့ရာ အစိုးရတပ်၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ ဒေသများတွင် ဘိန်းစိုက်ပျိုးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလအတွင်း ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး UNODC ၏ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဘိန်းထွက်ရှိမှု ၅ ရာခိုင်နှုန်း ပြန်လည် မြင့်တက်လာသည်ဟု ရေးသားထားသည်။