ရန်ကုန်မြို့ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ အများသုံးအိမ်သာ၌ ဗုဒ္ဓဟူးနေ့က ဗုံးကွဲမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက အဓိက တရားခံတဦးကို ဖမ်းမိရန် ယမန်နေ့က ကျပ် ၅ သိန်းဆုငွေ ထုတ်ပြန်လိုက်သည်။
ထို ဗုံးကွဲမှုကြောင့် အမျိုးသမီး တဦး သေဆုံး၍ တဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း အာဏာပိုင်များက သတင်း ထုတ်ပြန်ထားသည်။
ယင်းဖောက်ခွဲရေးအဖွဲ့ထဲတွင် ပါဝင်သော လူ ၃ ဦးကို ဖမ်းမိထားပြီး အဓိက တရားခံ အသက်၂၃ နှစ် အရွယ် အမျိုးသားတဦးကို ဖမ်းမိရန် ကျန်သေးကြောင်း၊ ဓာတ်ပုံကိုလည်း ရရှိထားကြောင်း၊ ၎င်းကိုဖမ်းမိရန်သတင်းပေးပါက ကျပ် ၅ သိန်းပေးမည်ဟုထုတ်ပြန် ထားကြောင်း ရန်ကုန်တိုင်း မှုခင်းဖော်ထုတ်ရေးဌာနမှ တာဝန်ရှိရဲအရာရှိ တဦးက ပြောပြသည်။
“လတ်တလော စိစစ်မှုတွေအရ ဗုံးဖောက်ခွဲမှုတွေလုပ်ဖို့ ထိုင်း-မြန်မာနယ်စပ်ကနေ ဖောက်ခွဲရေးသင်တန်းတက်ပြီး ဝင်လာကြ တယ်။ ဖောက်ခွဲရေးအဖွဲ့ထဲမှာပါဝင်တဲ့ လူသုံးဦးကိုတော့ ဖမ်းမိထားပြီ။ လှည်းတန်းလမ်းဆုံ ဗုံးဖောက်ခွဲမှုရဲ့ အဓိက တရားခံ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးပဲ ကျန် တယ်”ဟု ၎င်းက ပြောသည်။
အဓိက တရားခံ၏ ဓာတ်ပုံကြမ်းပါ ဆုငွေထုတ်ကြေညာချက်ကိုလည်း ရန်ကုန်တိုင်း တခုလုံး၌ ဖြန့်ဝေထားပြီး လုံခြုံရေးချ၍ စစ်ဆေးမှုများပြုလုပ်နေသည်ဟုလည်း သိရှိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းတခုမှ မြို့နယ်မှူး တဦးက“ဒီဖောက်ခွဲရေးတရားခံက ရန်ကုန်ထဲမှာ ရှိနေသေးတယ်လို့ ယူဆရတယ်။
ကားဂိတ်တွေ၊ မြို့အဝင် အထွက်ပေါက်တွေမှာလည်း လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးနေပါတယ်။ သူရဲ့ဓာတ်ပုံကြမ်းကိုလည်း တနိုင်ငံ လုံးက ရဲစခန်းတွေဆီကို ပို့ထားတယ်”ဟု ဆိုသည်။
လှည်းတန်းလမ်းဆုံ ဗုံးဖောက်ခွဲမှုကို ကမာရွတ်ရဲစခန်းက (ပ)၄၀၀/၂၀၁၁ ဖြင့် အမှုဖွင့်ထားပြီး တရားခံကို လူသတ်မှု၊ ဖောက်ခွဲရေး အမှု၊ နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေမှု အပါအဝင် ပြစ်မှုဆိုင်ရာပုဒ်မများနှင့် အရေးယူ မည် ဟု သိရှိရသည်။
“ဖောက်ခွဲရေးတရားခံက ဗုံးကို အိမ်သာမှာ ငွေကောက်ခံနေတဲ့ သန့်ရှင်းရေးဝန်ထမ်းကိုပေးပြီး ပြန်ထွက် သွားတယ်။ ဗုံးကိုလည်း ချိန်ကိုက်ပြီး ဖောက်ခွဲခဲ့တယ်။ ဗုံးတလုံးက မပေါက်ကွဲခင် ရှင်းလင်းနိုင်ခဲ့တယ်။ ဗုံးက စုစုပေါင်း နှစ်လုံး။ အသေးစိတ်စုံစမ်းမှုတွေ လုပ်နေဆဲပါ”ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ တာဝန်ကျအရာရှိတဦးက ဆိုသည်။
ဗုံးဖောက်ခွဲမှုအဓိက တရားခံအားလုံး ဖမ်းဆီးရရှိပါက သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပသွားမည်ဟု ရန်ကုန်တိုင်း အစိုးရရုံးမှ အမည်မဖော်လိုသော အရာရှိတဦးက ပြောသည်။