အိန္ဒိယနိုင်ငံမြောက်ပိုင်း အာသံပြည်နယ် ဂိုဟာတီမြို့မှ ရန်ကုန်မြို့အထိ ကီလိုမီတာ ၅၀၀၀ ခန့်ကို ၁၂ ရက်ကြာ မောင်းနှင်ရမည့် ခရီးရှည် ကားမောင်းပွဲကို လာမည့် ဇန်နဝါရီလတွင်ပြုလုပ်မည်ဟု သတင်းရရှိသည်။
“အိန္ဒိယအရှေ့မြောက်ဘက်ဒေသနှင့် မြန်မာနိုင်ငံသို့ ဆက်သွယ်ရေးလမ်းကြောင်းများ ဖော်ဆောင်၍ နှစ်နိုင်ငံချစ်ကြည်ရေး၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးများ မြှင့်တင်မည်” ဟူသော ဆောင်ပုဒ်နှင့် ကားမောင်းပွဲခရီးစဉ်ကို အခြေခံ၍ နှစ်နိုင်ငံ ကုန်သွယ်မှုများတိုးတက်ရန် လုပ်ဆောင်မည်ဟု စီစဉ်သူများက ဆိုသည်။
“ဒီချစ်ကြည်ရေး ခရီးစဉ်ကနေ လမ်းပန်းဆက်သွယ်ရေးတွေ ချိတ်ဆက်မိသွားဖို့ ရည်ရွယ်ပါတယ်။ အိန္ဒိယအစိုးရရဲ့ အရှေ့မျှော်ဝါဒကို အထောက်အပံ့ဖြစ်စေပြီးတော့ နယ်စပ်ကုန်သွယ်ရေး တိုးတက်ဖို့၊ အဲဒီကနေမှတဆင့် အာဆီယံကို ဆက်သွယ် ကုန်သွယ်နိုင်တာတွေ ဖြစ်သွားနိုင်ဖို့အထိ ရည်ရွယ်ထားပါတယ်” ဟု အိန္ဒိယ အရှေ့မြောက်ပြည်နယ် နိုင်ငံတကာ ကုန်သွယ်ရေးအသင်း (NEFIT) အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဗီဂျေးဖန်းစူးက ဧရာဝတီသို့ ပြောသည်။
ခရီးစဉ်အပြီးတွင် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေး တိုးတက်စေရန်အတွက် အိန္ဒိယအစိုးရက ပြုပြင်ပေးရန် သဘောတူညီထားသည့် တမူး-ကလေး-မန္တလေး လမ်းမကြီး၏ အခြေအနေများကိုလည်း သိနိုင်မည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်မှုအခြေအနေများကိုလည်း လေ့လာနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ကားပြိုင်ပွဲခရီးစဉ်ကို NEFIT, အာသံ အမြန်မောင်းနှင့် စွန့်စားရေးသွားလာရေး ကလပ်အသင်း (ASAC)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့က ပူးပေါင်း စီစဉ်ခြင်းဖြစ်သည်။
ခရီးစဉ်ကို ဇန်နဝါရီ ၂၉ ရက်နေ့တွင် အာသံပြည်နယ် ဂိုဟာတီမြို့မှ စတင်မည်ဖြစ်ပြီး နာဂလန်းပြည်နယ်မှ တီမာပူရ်၊ ကိုဟီးမား၊ မဏိပူရ်ပြည်နယ်မှ အင်ဖားလ်၊ အိန္ဒိယ-မြန်မာနယ်စပ် မိုးရေး၊ ထိုမှတဆင့် တမူး၊ ကလေး၊ မန္တလေး၊ နေပြည်တော်တို့မှ ရန်ကုန်အထိ ခရီးဆက်မည်ဖြစ်သည်။
အပြန်ခရီးစဉ်တွင် ရန်ကုန်မှ ပြည်၊ ပုဂံ၊ မုံရွာ၊ တမူး၊ မိုးရေး၊ အင်ဖားလ်၊ ကိုဟီးမား၊ တီမာပူရ်၊ နာဂအွန်တို့ကို ဖြတ်သန်းပြီး ဂိုဟာတီသို့ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ မြန်မာအဖွဲ့ကမူ တမူးမြို့မှသာ စတင်ပါဝင်၍ တမူးမြို့တွင်သာ ခရီးစဉ် အဆုံးသတ်မည်ဟု သိရသည်။
ကားမောင်းပွဲ ခရီးစဉ်တွင် အိန္ဒိယနှင့် မြန်မာ ခရီးဝေး ကားမောင်းဝါသနာရှင် ၂၀၀ နှင့် ကားစီးရေ ၅၀ ခန့့် ပါဝင်မည်ဟု ခန့်မှန်းထားကြောင်း၊ အိန္ဒိယမှ နယ်စပ်ကုန်သွယ်လုပ်ငန်း စိတ်ဝင်စားသူများလည်း ပါဝင်ဖွယ်ရှိကြောင်း သိရသည်။