အစိုးရက တရုတ်နိုင်ငံထုတ် Cherry QQ အမျိုးအစား ကားသစ် အစီးရေ ၁၀၀၀ တင်သွင်းလိုက်ပြီး ဝယ်ယူသူများကို အမေရိကန် ဒေါ်လာဖြင့် တိုက်ရိုက် ပြန်လည်ရောင်းချမှုကြောင့်ဒေါ်လာဈေး တက်သွားကြောင်း သတင်းရရှိသည်။
အမေရိကန်ဒေါ်လာသည် ဒီဇင်ဘာလဆန်းပိုင်းက တဒေါ်လာ ၇၇၅ ကျပ် ရှိရာမှ ယမန်နေ့ကအထိ ကျပ် ၈၀၀ ကျော် ဈေးနှုန်းသို့ ရောက်ရှိနေသည်ဟု ပြည်တွင်း စီးပွားရေး သတင်း အယ်ဒီတာ တဦးက ပြောသည်။
စက်မှုဝန်ကြီးဌာနမှတင်သွင်းသော Cherry QQ ကားများကို အခွန်အပါအဝင် တစီးလျှင် ဒေါ်လာ ၁၀၀၀၀ နီးပါးနှုန်းဖြင့်ပြန်လည် ရောင်းချခြင်းဖြစ်သောကြောင့် ဒေါ်လာဈေးကွက်၌ ဝယ်လိုအားများလာ၍ ဈေး တက်သွားခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
“ဒေါ်လာတက်တာက အခု ဒီကား သွင်းတာနဲ့လည်း ဆိုင်ပါတယ်၊ ကားတစီးကို ဒေါ်လာ ၅၈၀၀ ဆိုတဲ့ ဝယ်အားက မသေးဘူး၊ ပြီး ခဲ့တဲ့ တပတ်လောက်က စပြီး သိသိသာသာ ဒေါ်လာတက်လာတယ်”ဟု စီးပွားရေး သတင်း အယ်ဒီတာက ပြောသည်။
ယင်းကား အစီး ၁၀၀၀ ဝယ်ရန်အတွက် ဆိုလျှင် ဈေးကွက်၌ အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး ဝယ်လိုအားဖြစ်လာပြီး ဒေါ်လာ တန်ဖိုး ပိုမိုမြင့်တက်နိုင်သည်ဟုလည်း ဆိုသည်။
တရားမဝင် နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတဦးကလည်း“တရုတ်ချယ်ရီ ကားဝယ်ဖို့ ဒေါ်လာတွေ လိုက်ဝယ်ကြတယ်။ ကားတစီး အတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀ နီးပါးလောက် လိုတယ်။ အစီး ၁၀၀၀ ကို လူတွေကကြိတ်ကြိတ်တိုး လျှောက်လွှာတင် ဝယ် နေကြတယ်။ အဲဒါကြောင့် ဈေးကွက်မှာ ဒေါ်လာတန်ဖိုး တက်နေတယ်”ဟု ပြောသည်။
Cherry QQ တရုတ်ကားသစ်များကို ဒေါ်လာ ၅၈၀၀ ဖြင့်ရောင်းချပြီး အခွန်အဖြစ် ယာဉ်မှတ်ပုံတင်ကြေး ၄၁၀၈ ဒေါ်လာ၊ အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၈ သိန်း ကောက်ခံသဖြင့် ကားတစီးလျှင် စုစုပေါင်း မြန်မာငွေတန်ဖိုး ကျပ် သိန်း ၁၁၀ နီးပါး ကျသင့်သည်ဟု သိရသည်။ ယခုအခါ ကားသစ်အားလုံး ရောင်းချပြီးစီးသွားပြီဖြစ်သည်ဟု စက်မှုဝန်ကြီးဌာနက လည်း သတင်း ထုတ်ပြန်ထားသည်။
ထို Cherry QQ ကားများဝယ်ရန် ယမန်နှစ်အတွင်းကပင် လျှောက်လွှာတင်ထားသူများရှိပြီး ဦးစားပေးရောင်းချကြောင်း၊ ယာဉ်အို ယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်အရ ပါမစ်ရှိသူများလည်း ဝယ်ယူနိုင်ကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအဝိုင်းက ပြော သည်။ ယာဉ်အို ယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်အရ ကားသွင်းမှုများရှိ၍ ဒေါ်လာဈေး တက်မှုလည်းရှိသည်ဟု ဆိုသည်။
စက်မှုဝန်ကြီးဌာနသည် Cherry QQ ကားများအား ဝယ်ယူလိုသူများကို လျှောက်လွှာတင်စေပြီး အမေရိကန်ဒေါ်လာ လက်ငင်း ငွေသားစနစ်ဖြင့် တိုက်ရိုက်ရောင်းချကြောင်း၊ အခွန်ဆောင်ရာတွင်လည်း အမေရိကန်ဒေါ်လာဖြင့် အခွန်ဆောင်စေသော စနစ်ကို ကျင့် သုံးကြောင်း သိရသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဗဟို အလုပ်အမှုဆောင် စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးကမူ“အစိုးရက ကျောက်မျက်ပြပွဲ လုပ်မယ်။ ကျောက်မျက်ပြပွဲကလည်း ဒေါ်လာ လှိမ့်ဝင်ဖို့ရှိတယ်။ အဲဒီတော့ ဒေါ်လာဈေးတက်တာက Cherry ကားကြောင့် ခဏ တက်တာ။ ပြန်ကျမယ်”ဟု ဆိုသည်။