အစိုးရသစ် လက်ထက်မှာတော့ ခေတ်စနစ်ကို အမြန်ဆန်ဆုံး ထင်ဟပ်ပြနိုင်မယ့် အနုပညာ လက်နက်တွေနဲ့ ဖော်ထုတ် ပြသလာပြီလို့ ပြောရမလိုပါပဲ။ မြန်မာ့ရုပ်ရှင်ဆင်ဆာအဖွဲ့ကိုသရော်ထားတဲ့ “အဲ့ဒီအခန်းဖြတ်” ဆိုတဲ့ ဇာတ်လမ်းတိုလေးကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အင်တာနက်စာမျက်နှာတွေမှာ လက်ဆင့်ကမ်း နေကြပြီး အင်မတန် လူကြိုက်များနေတာကို တွေ့ရပါတယ်။
အင်မတန် ပြောင်မြောက်တဲ့ ဒီဇာတ်လမ်းတိုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အကဲဖြတ်မယ့် လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရိုက်ကူးထားတာပါ။
ရုပ်ရှင်ပွဲတော် ကျင်းပမယ့် ဇန်နဝါရီလ ၄ ရက်နေ့ မတိုင်ခင် အင်တာနက်မှာ အကြီးအကျယ် အောင်မြင်နေပါပြီ။ အင်တာနက်မှာ ဘယ်သူ စပြီး ဖြန့်သလဲ ဆိုတာကို ဒီကား ရိုက်ကူးတဲ့ ဒါရိုက်တာ ဝိုင်းက ဧရာဝတီကို အခုလို ရှင်းပြပါတယ်။
“ကျနော်က ဒါကို celebrity တွေကို ပေးတာတွေလည်း ရှိတယ်။ ကျနော့် သူငယ်ချင်းတွေက ကြိုက်လို့ ယူသွားတာတွေလည်း ရှိတယ်။ တယောက်ယောက်ကနေပြီး ကြိုက်လွန်းလို့ တင်ပေးတာလည်း ဖြစ်မှာပါ၊ (အင်တာနက်မှာ) ဒီဟာ ရောက်သွားတာနဲ့ ပတ်သက် ပြီးတော့ ကျနော်ကတော့ တကယ် မသိပါဘူး”
ဆင်ဆာအဖွဲ့များရဲ့ မှားယွင်းနေတဲ့ စနစ်နဲ့ လုပ်ထုံး လုပ်နည်းတွေအကြောင်း ပွင့်ပွင့် လင်းလင်း ရိုက်ပြထားတာကို ပရိသတ် လက်ခံ အားပေးတဲ့ အတွက် အားရ ကျေနပ်မိတယ်လို့လည်း ဝိုင်းက ပြောပါတယ်။
ဆင်ဆာလူကြီးမင်းများ ဇာတ်ကားတကား ကြည့်ရှု အကဲဖြတ်ရာမှာ လုပ်လေ့လုပ်ထ၊ ပြောလေ့ ပြောထရှိတဲ့အတိုင်း ပေါ်လွင်အောင် ရိုက်ပြထားတဲ့ အတွက် ပါဝင် သရုပ်ဆောင်ပေးသူ နာမည်ကျော်များ အင်မတန် ရဲဝံ့တယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုနေကြပါပြီ။
“တချို့ မရိုက်ရဲတဲ့ သရုပ်ဆောင် နည်းနည်းပါးပါးလည်း ရှိပါတယ်။ သို့သော်ငြားလည်း အများစုကတော့ ကိုယ့်ကို နားလည်တာရယ်၊ စနစ်တခု ဒီလိုရှိတယ်ဆိုတာ ကမ္ဘာက သိအောင် ပြချင်တဲ့ စိတ်နဲ့ ရိုက်ကြတာပါ။ သူတို့ကိုလည်း တကယ်ကို ကျေးဇူးတင်တာပါ။ သူတို့သာ တကယ် သရုပ်မဆောင်ပေးရင် အခု ဒီကားက ရိုက်လို့ မရပါဘူး။ သရုပ်ဆောင် ရွေးတဲ့အခါမှာလည်း အခက်အခဲ ရှိပါတယ်” လို့ ဝိုင်းက ဇာတ်ကားရိုက်ကူးရေး အတွေ့အကြုံကို ရှင်းပြပါတယ်။
“အဲ့ဒီအခန်းဖြတ်” မှာ ပါဝင်တဲ့ အခြေအနေတွေဟာ ဘယ်လောက် မှန်ပါသလဲ။ “အဲ့ဒီအခန်းဖြတ်” ဟာ သူတို့ လောကရဲ့ ပကတိ ဖြစ်ရပ်များနဲ့ ကွက်တိပဲ လို့ ရုပ်ရှင်/ဗီဒီယို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ဆိုပါတယ်။
“ကျနော်တို့ တကယ်ခံနေရတဲ့ ကိစ္စပဲ။ အဲ့ဒီအတိုင်း တကယ် ဖြစ်နေတဲ့အတွက် ဒီဇာတ်ကားကို ကျနော်တို့ အရမ်း ကြိုက်တယ်။ တကယ် ဖြစ်နေတဲ့ အတွက် ကိုဝိုင်းကို တခုခု ဖိအားပေးမယ် ဆိုရင် ကျနော်တို့က အဲ့ဒါကို အမှန်တကယ် ဆိုတာ ထောက်ခံဖို့ အဆင်သင့် ရှိတယ်”
မောင်မျိုးမင်း (ရင်တွင်းဖြစ်)ရဲ့ ရင်တွင်းဖြစ် စကားတွေပါ။
ဒီဇာတ်ကားတိုရဲ့ အပိတ်မှာ သုံးထားတာဟာ ရွှေပြည်အေး ရေးစပ်ခဲ့တဲ့ “အမှုထမ်း အရာထမ်း” ဆိုတဲ့ တေးသီချင်း ဖြစ်ပါတယ်။ ဝန်ထမ်းများ လာဘ်စားမှု မရှိသင့်ကြောင်း ပွင့်ပွင့် လင်းလင်း ရေးစပ်ထားတဲ့ ဒီသီချင်းဟာ ၁၉၅၀ နောက်ပိုင်း ထုတ်လွှင့်ခွင့် ပိတ်ခံထားရတဲ့ သီချင်းလည်း ဖြစ်ပါတယ်။
ကဲ … ဒီဇာတ်ကား ဇာတ်ဝင်ခန်း၊ ဇာတ်ဝင်သီချင်းတွေလိုပဲ မြန်မာပြည်က ဝန်ထမ်းများ အကျင့်ပျက်မှု အမြန်ဆုံး ပပျောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
အလှူ့ရှင်
မြန်မာပြည် ပရိသတ် ပါးစပ်ဖျား ရေပန်းစားနေတဲ့ ပြေတီဦး ဖောင်ဒေးရှင်း ရံပုံငွေပွဲမှာ တင်ဆက်သွားတဲ့ မုဒိတာလွင်ပြင်အငြိမ့်မှာ အဆိုတော်ကြီး မာမာအေး ရဲ့ နာမည်ကျော် “အလှူ့ရှင်” သီချင်းကို အသုံးပြုထားပါတယ်။
“အမှန်တော့ အဲဒါကို ဘာဖြစ်မလဲဆိုတာ သိချင်လို့ သုံးကြည့်လိုက်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ အားလုံးကို လွတ်လပ်ခွင့် ပေးထားပြီလေ။ အပြင်ကလူတွေ ပြန်လာဖို့တောင် ခေါ်နေပြီ ဆိုတော့ Black List ဆိုတာ မရှိတော့ဘူးလို့ ယုံကြည်တယ်လေ” လို့ ဒီအငြိမ့်ရဲ့ ဒါရိုက်တာ မောင်မျိုးမင်းက ပြောပါတယ်။
ယခင် စစ်အစိုးရလက်ထက်မှာ ပြည်ပရောက်သွားတဲ့ အနုပညာရှင် တချို့ဟာ ဘယ်လို အကြောင်း ပြချက်တွေကြောင့်မှန်း မသိရဘဲ အစိုးရမင်းတို့ရဲ့ Black List စာရင်း (အမည်ပျက်စာရင်း) ထဲ ဝင်နေခဲ့ပါတယ်။ သူတို့ရဲ့ သီချင်းတွေလည်း အမည်ပျက်စာရင်းထဲ ရောက်ပြီး အများသူငါ သုံးစွဲခွင့် ကန့်သတ်ခံခဲ့ရတာပေါ့။
ပိတ်ပင်ခံထားရတဲ့ နာမည်ကျော် အဆိုတော်များထဲမှာ အေးချမ်းမေလည်း တယောက် အပါအဝင်ပါ။ သူ့သီချင်းတွေကို ဘယ်လို အကြောင်းနဲ့မှ ဘယ်နေရာမှာမဆို အသုံးပြုခွင့် မရခဲ့ပါဘူး။ ပရိသတ်အကြား ရေပန်းစားတဲ့ သူ့သီချင်းတွေကို အာဏာပိုင်တွေဘက်က အကြောင်းပြချက် မရှိ ပိတ်ပင်ထားခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ဂျာနယ် အယ်ဒီတာချုပ်တဦးက ပြောဖူးပါတယ်။
အခုလို “အလှူ့ရှင်”ကို မီးစိမ်း ပြနေပြီ ဆိုရင်တော့ Black list စာရင်းဝင် နာမည်ကျော် အဆိုတော်ကြီးများရဲ့ တခေတ်တခါက တေးသီချင်းတွေကို ပြန်ကြားရဦးမှာမို့ မြန်မာ့ဂီတလောကအတွက် ဝမ်းသာစရာ သတင်းကောင်း တပုဒ်လို့ပဲ ပြောချင်ပါတော့တယ်။
ပျော်ပျော်ကြီး ဆိုကြတီးကြမယ်
ဂီတ အနုပညာရှင် အများအပြား ပါဝင် သီဆိုမယ့် ပါဝင်တဲ့ တေးအလ်ဘမ်ကို နိုဝင်ဘာ ၂၈ ရက်နေ့က စတင် အသံသွင်းယူနေကြပြီ။
စိတ်ဓာတ်ခွန်အား တက်ကြွစေတဲ့ တေးသီချင်းများ ပါဝင်မယ့် ဒီတေးအယ်ဘမ်ဟာ ဂီတသမားတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို နိုဝင်ဘာ ၂၅ ရက်နေ့က သွားရောက်တွေ့ဆုံရာကနေ ပေါ်ပေါက်လာတာပါ။ မြန်မာပြည်က တီးဝိုင်းအများအပြားလည်း ပါဝင် အားဖြည့်မယ်လို့ သိရပါတယ်။
“ဆိုမယ့်သူက များနေတော့ သီချင်းတပုဒ်ကို Group လိုက်လုပ်ပေးရတယ်။ ဆိုမယ့် အဆိုတော်တွေကလည်း တကြောင်းပဲ ဆိုရဆိုရ ဆိုချင်ကြတယ်။ အဲ့ဒီလို ဆိုရတာကိုပဲ ပျော်နေကြတာ။ တေးရေးတွေလည်း ဒီအတိုင်းပဲ။ ရေးထားပြီးတော့ သူတို့ သီချင်းတွေ ပါချင်ကြတာကိုး။ အဲ့ဒီတော့ ရေးထားတဲ့ သီချင်းတွေကို လျှို့ဝှက်မဲစနစ်နဲ့ music producer ၆ ယောက်က ပြန်ရွေးမယ်” လို့ တေးရေးဆရာတဦးက ပြောပါတယ်။
Melody World ဆုရ တက်သစ်စ အဆိုတော်များကလည်း group song တပုဒ် အဖြစ် ပါဝင်အားဖြည့် သီဆိုချင် ကြကြောင်း သူက ဆက်ပြောပါတယ်။
“ဆိုသင့်တာကတော့ ဟိုးအရင်ကတည်းက ဆိုသင့်တာပါ။ ဒါပေမယ့် အခုချိန်မှ ဆိုခွင့် ရတဲ့အတွက်ကြောင့် အခုချိန်မှ ဆိုရတာပါ” လို့ အဲ့ဒီ တေးအယ်လ်ဘမ်မှာ ဟစ်ဟော့ပ်တေးသီချင်းများ ပါဝင်သီဆိုမယ့် အဆိုတော် အနဂ္ဂက ပြောပါတယ်။
Music Producer များကတော့ ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ ကိုသားထွေး၊ ကိုညီညီသွင်၊ ရွှေဂျော်ဂျော်၊ နောင်နောင်(ဆန်းဖလားဝါး)၊ ဆောင်းဦးလှိုင်တို့ ဖြစ်ပါတယ်။
အဆိုတော်တွေ တပြုံကြီးနဲ့ ထွက်လာမယ့် ဒီတေးစီးရီးဟာ လွတ်လပ် ပွင့်လင်းမှု အနည်းငယ် ပေးလာပြီ ဆိုတဲ့ စာပေစိစစ်ရေး လက်အောက်ကနေ ဘယ်လို ထွက်ပေါ်လာမလဲ ဆိုတာ ပရိသတ်တွေနဲ့အတူ စောင့်မျှော်ရင်း..။