အရပ်သားအစိုးရ အုပ်ချုပ်နေသော်လည်း ကရင်နှစ်သစ်ကူးပွဲ အခမ်းအနားများကို အကန့်အသတ်ဖြင့် ပြုလုပ်နေရဆဲဖြစ်သည်ဟု ယမန်နေ့က ရန်ကုန်မြို့ရှိ နှစ်သစ်ကူးပွဲတော်များကို စီစဉ်သည့် ကရင်တိုင်းရင်းသားများက ပြောသည်။
“ကရင်နှစ်သစ်ကူးပွဲကို ကျင်းပခွင့်ပြုထားပေမယ့် ကျွန်တော်တို့ဆီ ပေးပို့လာတဲ့ ပါတီ၊ အဖွဲ့အစည်းတွေရဲ့ သဝဏ်လွှာတိုင်းကို ဖတ်ကြားခွင့် မပေးဘူး” ဟု အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့်ဘုရားအတွင်း ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲ ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။
လူမျိုးရေး၊ နိုင်ငံရေးအကြောင်းအရာများ ပါဝင်သည့် သဝဏ်လွှာများ ဖတ်ကြားနိုင်ခြင်း မရှိဟု သူက ရှင်းပြသည်။
ကရင်တိုင်းရင်းသားတို့၏ နိုင်ငံရေးလှုပ်ရှားမှု၊ ကရင် အမျိုးသား ခေါင်းဆောင်ကြီးများ၏ ဓာတ်ပုံနှင့် ကိုယ်ရေး ရာဇဝင်များ၊ နယ်စပ်ဒေသရောက် ကရင်တိုင်းရင်းသားတို့၏ လတ်တလော အခြေအနေများ စသည်တို့ကို ပြပွဲများတွင် ထည့်သွင်းပြသခွင့် မရှိဟု ပွဲစီစဉ်သူများက ဆိုသည်။
ထိုသို့ အကန့်အသတ်များ ရှိသော်လည်း နှစ်သစ်ကူးပွဲများ ကျင်းပခွင့် လျှောက်ထားချက်များကို အာဏာပိုင်တို့က ချက်ချင်း ခွင့်ပြုခဲ့သည်ဟု နှစ်သစ်ကူးပွဲ ကျင်းပရေးကော်မတီများထံမှ သိရသည်။
ယခင်နှစ်များကဲ့သို့ပင် အင်းစိန်မြို့နယ်ရှိ အာလိန်ငါးဆင့် ဘုရား၊ အလုံမြို့နယ်ရှိ ပိုးကရင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ကဲ့သို့သော ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ကရင်တိုင်းရင်းသားများ နေထိုင်ရာ ရပ်ကွက်များတွင် ကရင်နှစ်သစ်ကူးပွဲများ ကျင်းပခဲ့သည်။
နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျင်းပမြဲဖြစ်သော ရန်ကုန်ရှိ ထိုပွဲတော်များတွင် ကရင်တိုင်းရင်းသားတို့၏ သမိုင်း၊ ဝတ်စားဆင်ယင်မှု၊ ရိုးရာ တူရိယာ၊ အသုံးအဆောင်၊ အနုပညာနှင့်စာပေ၊ ထူးချွန်သူတို့၏ ဓာတ်ပုံများကို ခင်းကျင်း ပြသထားသည်။
ယမန်နေ့က ရန်ကုန်မြို့ ကရင်နှစ်သစ်ကူးပွဲများသို့ ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ပဒိုစောထွန်းအောင်မြင့်က သဝဏ်လွှာ ပေးပို့ပြီး ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။
“နှစ်ပေါင်းများစွာ ကန့်သတ်ချက်တွေ ရှိခဲ့တယ်၊ ကျနော်တို့ ဝန်ကြီး ရှိလာတဲ့နှစ်မှာ ကန့်သတ်ချက်တွေ လျော့လာတယ်လို့ မြင်ပါတယ်” ဟု အလုံမြို့နယ်ရှိ ပိုးကရင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၊ ကရင်နှစ်သစ်ကူးပွဲ ကျင်းပရေး ကော်မတီဝင် တဦးက ဆိုသည်။
အင်းစိန်မြို့နယ်မှ ကရင်တိုင်းရင်းသားတဦးကလည်း “ကျနော်တို့ လူမျိုးရဲ့ ပွဲတော်ကို ကျင်းပခွင့်ရရင်ပဲ ကျေနပ်နေတာပါ၊ ကန့်သတ်ချက်တွေကို မကြိုက်ပေမယ့်လည်း ပွဲတော်ကို စဉ်ဆက်မပြတ် လုပ်နေဖို့ပါပဲ” ဟု ပြောသည်။
ကရင်နှစ်သစ်ကူးပွဲတော်များကို ၁၉၃၉ ခုနှစ်မှ စပြီး အလုံမြို့နယ်ရှိ ပိုးကရင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် စတင် ကျင်းပခဲ့ကြောင်း သိရသည်။