ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တချို့ကို အီတာလျံ-ထိုင်း Italian-Thai Development (ITD) ကုမ္ပဏီမှ ကား ၁၆ စီးနှင့် ကားသမားများ ပြန်ပေးဆွဲသည့်အမှုနှင့် ပတ်သက်၍ အရေးယူရန် စီစဉ်နေကြောင်း KNUက ပြောသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်ထားသော ကားလမ်းပေါ် တွင် ITD ကုမ္ပဏီကားများ အလုပ်လုပ်နေစဉ် KNU တပ်ဖွဲ့ဝင်များက ၆ နာရီခန့် ပြန်ပေးဆွဲခဲ့ပြီး နေ့လယ် ၁၂ နာရီ တွင် ပြန်လွှတ် ပေးခဲ့သည်။
ထို ပြန်ပေးဆွဲ KNU တပ်ဖွဲ့ဝင်များက ၎င်းတို့၏ အမည်ကို BBK ဟု သုံးခဲ့သည်။
KNU ထားဝယ်ခရိုင် ဥက္ကဌ စောကွယ်ထူးဝင်းက“အဲဒီရှေ့တန်းမှာ ရောက်နေတဲ့ KNU တပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်လောက်ရှိတယ်၊ သူတို့ရဲ့ တပ်ရင်းမှူးကို ပြန်ပြီးတော့ အရေးယူ ဆောင်ရွက်ဖို့ အထက်က တာဝန်ပေးထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ITD ကုမ္ပဏီကလည်း KNU အဖွဲ့ ကို အကြောင်းကြားထားသည်။
“တပ်ဘက်ဆိုင်ရာ ဘက်က သူတို့ကို အရေးယူဆောင်ရွက်မှုတွေ လုပ်ရမယ်၊ အခြေအနေအရ ကိုယ့်ရဲဘော်တွေက တောထဲမှာ နေနေရင်းနဲ့ သူတို့ကလည်း သူ့ခံစားချက်နဲ့ သူလုပ်လာတဲ့အပေါ်မှာ တဖက်ကို နားလည်မှုပေးရမယ်၊ ဒါပေမယ့် တဖက်မှာ စည်း ကမ်းပိုင်းအရ ကျနော်တို့ ဆောင်ရွက်ရမှာပေါ့”ဟု စောကွယ်ထူးဝင်းက ဆက်ပြောသည်။
ယင်းဒေသတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၄ တပ်ဖွဲ့ဝင်များ လှုပ်ရှားနေပြီး ITD ကုမ္ပဏီ က လမ်းဖောက်လုပ် နေခြင်း ဖြစ်ကြောင်း သိရသည်။ ITD ကုမ္ပဏီသည် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရင်းနှီးမြုပ်နှံထားသော ကုမ္ပဏီ ဖြစ် သည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိပြီး ဆုံးရှုံးနစ်နာမှုများ ရှိလာမည်ကို စိုးရိမ်သောကြောင့် ITD ကုမ္ပဏီ ယာဉ်များ KNUထိန်းချုပ်ဒေသတွင် သွားလာနေခြင်း မပြုလုပ်ရန် တားမြစ်ခဲ့သည်။
သို့သော်လည်း စီမံကိန်းဒေသ အလုပ်သမားများ အတွက် ရိက္ခာသယ်ပို့ပေးသည့် မော်တော်ယာဉ်တချို့ သွားလာနေခြင်းကို KNU က ခွင့်ပြုထားသည်ဟု စောကွယ်ထူးဝင်းက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း ITD ကုမ္ပဏီတွင် အလုပ်လုပ်နေသော အလုပ်သမား ၅၀ခန့်သည် အစိုးရတပ်နှင့် KNU တပ်ဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်းမကန် မြောက်ဘက်တွင်ရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ITD ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သံမဏိစက်ရုံများ၊ ရေနံသန့်စင်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကုန်တင် သင်္ဘောကြီး ၂၅ စင်းတပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု သိရသည်။
ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ်ရေနက် ဆိပ် ကမ်း စီမံကိန်း၏အရေးပါပုံ၊ စီမံကိန်းကြောင့် နိုင်ငံ၏စီးပွားရေးတိုးတက်လာနိုင်ပုံတို့ကို မြန်မာစာနယ်ဇင်း များတွင်ဖော်ပြခဲ့ကြသည်။