ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမားများ အရေးနှင့် ပတ်သက်ပြီး ယခုနှစ်ဆန်းပိုင်းမှ စတင်၍ ကူညီဆောင်ရွက်ရန် မြန်မာ အစိုးရ အလုပ်သမားဝန်ကြီးဌာနကစီစဉ်နေကြောင်း ပြောသည်။
“ကျနော်တို့ လာမယ့် ဇန်နဝါရီလဆန်း ၅ ရက်နေ့လောက်က စပြီး လုပ်ငန်းလုပ်နိုင်အောင် စီစဉ်နေပါတယ်”ဟု နေပြည်တော် အလုပ်သမားဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပြသည်။
ထိုင်းနိုင်ငံသို့ အလုပ်သမားပြဿနာ ကူညီဖြေရှင်းရေး လုပ်ငန်းအဖွဲ့ ၅ ဖွဲ့ကသွားရောက်၍ မြန်မာ အလုပ်သမားများ အတွက် နိုင်ငံသား စိစစ်ရေး၊ ယာယီ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရေး၊ အလုပ်သမားများ၏ သားသမီးများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်ရေး၊ တရားဝင် မှတ်ပုံတင်နိုင်ရေးနှင့် အခွင့်အရေးကာကွယ်ရေးများကို စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ကမှ ထိုင်းနိုင်ငံက ပြန်လည်ရောက်ရှိလာသော အလုပ်သမားဒု-ဝန်ကြီး ကလည်း မြန်မာ အလုပ်သမားရေး ဆိုင်ရာများကို ထိုင်းအစိုးရ အာဏာပိုင်များနှင့် ဆွေးနွေးခဲ့ရာ အဆင်ပြေခဲ့ကြောင်း ဆိုသည်။
“အရင်နှစ်ပေါင်း ၂၀ ကျော်တုန်းက မြန်မာအလုပ်သမားတွေရှိနေတယ်ဆိုတာ မြန်မာအစိုးရက အသိအမှတ်မပြုခဲ့ဘူး။ အခုလို အစိုးရတရပ်က အသိအမှတ်ပြုလာပြီး အကျိုးဆောင်ပေးမယ်ဆိုတာကတော့ အပြုသဘောနဲ့ ကြိုဆိုတယ်။ ဒါ ပေ မယ့် အခု သူတို့ လုပ်နေတဲ့ အခင်းအကျင်းတွေက မလုံလောက်သေးဘူး”ဟု ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမားများအရေး လှုပ်ရှားသူတဦးဖြစ်သည့် ကိုကျော်သောင်းက ဧရာဝတီကိုပြောသည်။
ကိုကျော်သောင်းနှင့် အလုပ်သမားအရေးလှုပ်ရှားသူများသည် ဒီဇင်ဘာ ၂၃ ရက်နေ့က မြန်မာ ဒု အလုပ်သမား ဝန်ကြီး ဦးဆောင်သော အဖွဲ့နှင့် အလုပ်သမားများအရေး ဆွေးနွေးခဲ့ကြသည်။
မြန်မာ အလုပ်သမားများစွာရှိသည့် ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ မဟာချိုင်၊ စူရတ်ဌာနီ၊ စမွတ်ပရာကန် ၅ မြို့တွင် ရုံးထိုင် လုပ်ကိုင်မည့် အလုပ်သမားကူညီရေးတစ်ဖွဲ့တွင် အဖွဲ့ဝင် ၈ ဦးစီ ပါဝင်မည် ဖြစ်ကြောင်း ၎င်းတို့ကို နေပြည်တော် တွင် သင်တန်းများပေးနေကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမား တရားဝင်နှင့် တရားမဝင်သူ စုစုပေါင်း၂ သန်းမှ ၃ သန်းခန့် ရှိသည်ဟု အလုပ်သမား အရေး လှုပ်ရှားနေသူများက ခန့်မှန်းထားကြသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများမှာ ယာယီနိုင်ငံကူးလက်မှတ်ဖြင့် တရားဝင်နေထိုင်ခြင်း၊ ဘတ်ဟု ခေါ်သည့် အလုပ်လုပ်ခွင့်လက်မှတ်ဖြင့် တရားဝင်နေထိုင်ခြင်းနှင့် အဆိုပါ ၂ ခုလုံး မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေထိုင် သူများဟူ၍ ၃ မျိုးရှိကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာအလုပ်သမားတဦးသည် ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် မြန်မာဘက်ခြမ်းတွင် ကျပ်ငွေ ၅၀၀ မှ ၁၀၀၀၀ ကျပ်အထိ မြန်မာအစိုးရက တိုးမြှင့်လိုက်ကြောင်း၊ ထိုင်းဘက်ခြမ်းတွင် ထိုင်းဘတ်ငွေ ၄၅၀၀ မှ ၆၅၀၀ အထိ ကုမ္ပဏီများက လုပ်ဆောင်ပေးကြောင်း၊ ကုန်ကျပြီး အလုပ်သမား လက်မှတ်အတွက် ဘတ်ငွေ ၃၉၀၀ ကုန်ကျသည်။
ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူသည် ထိုင်းနိုင်ငံတဝန်း သွားလာ လုပ်ကိုင်ခွင့်ရှိပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ကို တရားဝင် ဝင်ထွက်ခွင့်လည်းရှိသည်။ အလုပ်သမားလက်မှတ် ကိုင်ဆောင်သူသည် အလုပ်ရှင်၏ ခွင့်ပြုချက်ဖြင့်သာ နေ ထိုင် သွားလာခွင့်ရှိပြီး အလုပ်အပြောင်းအလဲ လုပ်လိုပါကလည်း အလုပ်ရှင်၏ ခွင့်ပြုချက် လိုအပ်သည်။
ယင်း လက်မှတ်များ၏ အမှန်တကယ် ကုန်ကျစရိတ်သည် သတ်မှတ်ထားသည့် ပမာဏ ထက်ပိုမိုများပြားမှုရှိကြောင်း ကိုကျော်သောင်း က ပြောသည်။
ယခု မစ္စ ယင့်လပ် အစိုးရ က ထိုင်းနိုင်ငံရှိ မည်သည့် အလုပ်သမားမဆို တနေ့ အလုပ်လုပ်ခ အနည်းဆုံး ဘတ် ၃၀၀ ရစေရ မည်ဟု ဆိုသော်လည်း နေရာနှင့် လုပ်ငန်းပေါ် မူတည်၍ ကွဲပြားကြပြီး အများစုမှာ တနေ့ လုပ်အားခ ၆၀ ဘတ်မှ ၂၅၀ ဘတ် အထိသာ ရကြကြောင်း သိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည် ထိုင်းလုပ်ငန်းရှင်များက ယာယီ နိုင်ငံကူးလက်မှတ်ကို သိမ်းထားပြီး မိတ္တူကိုသာ လက်ဝယ်ကိုင်ခွင့်ပေးခြင်း၊ လုပ်အားခ ပုံမှန်မရရှိခြင်း၊ အပြည့်အ၀ မရရှိခြင်း၊ အချိန်ပိုကြေး မပေးခြင်းနှင့် လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာရမှု နစ်နာကြေး မရခြင်း စသည့် ပြဿနာများကို အဓိက ရင်ဆိုင်နေကြရသည်ဟု သိရသည်။
မြန်မာအစိုးရ ဒု နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်က“ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေ သာမက ပြည်ပမှာရှိတဲ့ တရားဝင် ကော တရားမဝင်ကော အလုပ်သမားတွေ အားလုံးကို စောင့်ရှောက်ပေးဖို့ကတော့ ကျနော်တို့ အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။ အားလုံးကို ပြေလည်အောင် ပြီးပြတ်အောင် အခွင့်အရေး အပြည့်အဝရစေအောင် ဆက်ပြီးတော့မှ ကြိုးစားသွားမှာ ဖြစ်ပါတယ်”ဟု ပြောဆိုထားသည်။
မြန်မာ-ထိုင်း၂ နိုင်ငံဆွေးနွေးပွဲများတွင် မြန်မာအလုပ်သမားများအား အကာအကွယ်ပေးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း၊ မြန်မာအလုပ်သမားများ လက်ခံရေးကို ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားဆိုင်ရာ သဘောတူညီချက်အရ အစီအစဉ်ရှိကြောင်း၊ မြန်မာနိုင်ငံဘက်က ထိုင်းနိုင်ငံသို့ အလုပ်သမား တသိန်း စေလွှတ်ရန် ရှိသော်လည်း ယခုနှစ်ကုန်ပိုင်းတွင် သုံးသောင်း ကျော်သာ စေလွှတ်ထားသေးကြောင်း ထိုင်းအစိုးရ အလုပ်သမား ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။
ထိုင်းအစိုးရက၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်ကနေ ဇူလိုင်လ ၁၄ ရက်နေ့အထိ အိမ်နီးချင်းနိုင်ငံများမှ လာရောက်သော အလုပ် သမားများကို တရားဝင် မှတ်ပုံတင် လုပ်ပေးခဲ့စဉ် မြန်မာ အလုပ်သမား ၇ သိန်းခန့် စာရင်းလာသွင်းခဲ့ကြောင်း ထိုင်း အလုပ် သမားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား အများစုသည် ဆောက်လုပ်ရေး ၊ ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ အထည်ချုပ် စက်ရုံ၊ အိမ်အကူ စသည့် လုပ်ငန်းများ၌ လုပ်ကိုင်ကြရသည်။