ဂျပန်နိုင်ငံက ပေးနေသော အကူအညီများသည် မြန်မာ့ဒီမိုကရေစီ ဖော်ဆောင်မှုကို အထောက်အကူ ဖြစ်စေရန် အရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကရန်ကုန်တွင် ရောက်နေသော ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကိုအီချိရို ဂမ်းဘ နှင့် တနင်္လာနေ့တွင် တွေ့ဆုံအပြီး ပြောလိုက်သည်။
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် ဂျပန်ဝန်ကြီး နှင့် ဆွေးနွေးပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံကြစဉ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
“ကျမတို့ကို လူသားချင်းစာနာမှုနဲ့ ပတ်သက်လို့၊ ဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့၊ စီးပွားရေးနဲ့ ပတ်သက်လို့ ကူညီတဲ့အခါမှာ ဒီမိုကရေစီ အဆောက်အအုံ ခိုင်မာရေးကို ထည့်သွင်း စဉ်းစားသွားမယ်လို့ မျှော်လင့်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒီမိုကရေစီ ဖော်ဆောင်နေသော မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ စည်းလုံးညီညွတ်ရန်၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြီး ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုများအကြောင်းကိုလည်း ထည့်သွင်း ပြောဆိုသွားသည်။
“စီးပွားရေး ရင်းနှီးမြုပ်နှံရေးနဲ့ ဥပဒေစိုးမိုးရေးက ဆက်နွယ်တဲ့အကြောင်း ကျမ ထောက်ပြပါတယ်။ ဒီမိုကရေစီ အဆောက်အအုံတွေ ခိုင်မာမှ စီးပွားရေး တိုးတက်မှုတွေလည်း ခိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောသည်။
မစ္စတာ ကိုအီချိရို ဂမ်းဘကလည်း မြန်မာ့ဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မှုများအပေါ် ဂျပန်နိုင်ငံက တန်ဖိုးထားပြီး တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီလိုကြောင်း၊ သမ္မတဦးသိန်းစိန်အား ၂၀၁၂ ခုနှစ် ဂျပန်နိုင်ငံတွင် ကျင်းပမည့် ဂျပန်-မဲခေါင် ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အားလည်း ဂျပန်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားပါကြောင်း ပြောဆိုသည်။
ဂျပန်နိုင်ငံနိုင်ငံသည် မြန်မာနိုင်ငံအတွင်း ဆင်းရဲမှု ပပျောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင် အလေးအနက် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အတွက် နှစ်နိုင်ငံအကြား ရင်းနှီးမြုပ်နှံမှု စာချုပ် ချုပ်ဆိုနိုင်ရေး ညှိုနှိုင်းရန် သဘောတူပြီးဖြစ်ကြောင်း၊ အထွေထွေ ဖွံ့ဖြိုးရေးအတွက် ရန်ကုန် သီလဝါဆိပ်ကမ်း လေ့လာ သုံးသပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။
“ယဉ်ကျေးမှုကဏ္ဍနဲ့ ပတ်သက်ပြီး ပြောရရင် ဗုဒ္ဓဘာသာ ပုဂံ ဘုရားပုထိုးစေတီတွေ ကောင်းကောင်း ပြုပြင် စောင့်ရှောက် ထိန်းသိမ်းဖို့ ကျွမ်းကျင်ပညာရှင်တွေ မကြာခင် ဖေဖော်ဝါရီလမှာ စေလွှတ်ဖို့ ရှိပါတယ်” ဟု ဝန်ကြီးက ပြောသည်။
မြန်မာ ပြည်သူ လူထု၏ မျက်နှာတွင် ပျော်ရွှင်မှုများ တွေ့မြင်ရပြီး အနာဂတ် ရည်မှန်းချက်များ ရှိနေသည်ဟု ခံစားမိကြောင်း နိုင်ငံခြားရေး ဝန်ကြီးက သုံးသပ်ပြောသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် ကိုးနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်သော ဂျပန်အစိုးရ ကိုယ်စားလှယ်များတွင် ရာထူး အဆင့်အမြင့်ဆုံး ခေါင်းဆောင် ဖြစ်သည်။
သူ၏ မြန်မာပြည်ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် နေပြည်တော်တွင် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖံွ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးသို့လည်း သွားရောက်ခဲ့သည်။
မကြာသေးမီက မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တိုကျိုသို့ သွားရောက်စဉ် ဂျပန်ဘက်က အချိန်ကြာမြင့်စွာ ရပ်ဆိုင်းထားသည့် ဖွံ့ဖြိုးရေး ဆိုင်ရာ အကူအညီ (ODA) များ ပြန်ပေးမည်ဟု ပြောဆိုခဲ့သည်။ အကျဉ်းသားများ လွှတ်ပေးခြင်း အပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့ ရှေးရှုသည့် ခြေလှမ်းများကြောင့် ODA ပြန်ပေးမည့် အစီအစဉ် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို ၃ နှစ်ကြာ သိမ်းပိုက် အုပ်ချုပ်ခဲ့သော ဂျပန်သည် ယခုအခါ မြန်မာနိုင်ငံ၏ အဓိက အလှူရှင် နိုင်ငံ တနိုင်ငံ ဖြစ်နေပြီး လူ့အခွင့်အရေး အခြေအနေများကြောင့် အကူအညီများ တကြိမ်မက ရပ်ဆိုင်းခဲ့ဖူးသည်။
၂၀၀၃ ခုနှစ် ဒီပဲယင်း ဒေသ သတ်ဖြတ်မှု၊ ၂၀၀၇ ခုနှစ် ရန်ကုန်မြို့ရှိ သံဃာများ ဆန္ဒပြစဉ် ဂျပန်သတင်းထောက် တဦး ပစ်သတ်ခံရမှု စသည့် ဖြစ်ရပ်များ နောက်ပိုင်းတွင် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
ဂျပန်သည် မြန်မာနိုင်ငံ၏ ပညာရေး နှင့် အပူပိုင်းဒေသ ကျေးရွာ ၈၀ ကျော် ရေရရှိရေး တို့အတွက် ဂျပန် ယန်း သန်း ၉၀၀ ခန့် ပေးအပ်ကူညီရန် သဘောတူခဲ့သည်ဟု ရန်ကုန်မြို့ ဂျပန်သံရုံး၏ နိုဝင်ဘာလထုတ် သတင်းလွှာတွင် ဖော်ပြထားသည်။
ဂျပန်တွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ အများအပြားကို ခိုလှုံခွင့် ပေးထားသည်။ ထို့ပြင် ဂျပန်နိုင်ငံသည် အာရှတိုက်အတွင်း မြန်မာ စစ်ပြေး ဒုက္ခသည်များကို ပထမဦးဆုံး ခေါ်ယူလက်ခံသည့် နိုင်ငံဖြစ်ပြီး တနှစ်လျှင် ဒုက္ခသည် ၃၀ နှုန်းဖြင့် ၃ နှစ်တိတိ ခေါ်ယူရန် ဆုံးဖြတ်ထားသည်။ ပြီးခဲ့သည့်နှစ်က ထိုင်းမြန်မာနယ်စပ်မှ ဒုက္ခသည် ၃၀ နီးပါး ဂျပန်နိုင်ငံသို့ သွားရောက် အခြေချခဲ့သည်။