မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျရောက်သည့် သူ၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၃ နှစ်မြောက်နေ့တွင် ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သည်။
ယနေ့နံနက် ၁၀ နာရီခွဲခန့်က ရွှေတောင်ကုန်း သာသနာ့ရိပ်သာမှ ဆရာတော် ဦးပဏ္ဍိတ ဝံသ၊ ချမ်းမြေ့ဆရာတော် ရှင်ဇနကာ ဘိဝံသ အပါအဝင် သံဃာတော် ၁၀ပါးခန့်အား တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။
ညနေပိုင်းတွင် ရန်ကုန်ရှိ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလမ် စသည့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ကြီးများ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လာရောက်ကာ ဆုတောင်းပွဲပြုမည့် အစီအစဉ်လည်း ရှိကြောင်း ဦးအုန်းကြိုင်က ဧရာဝတီကို ပြောသည်။
မဟာသီရိ သုဓမ္မ ဒေါ်ခင်ကြည်အား ရွှေတိဂုံစေတီ တောင်ဘက်မုခ် အနီးရှိ စုဖုရားလတ်၊ ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် စသည့် ပုဂ္ဂိုလ်ကြီးများ၏ ဂူဗိမာန်များအနီးတွင် ဂူသွင်း သဂြိုၤဟ်ခဲ့သည်။
၁၉၁၂ ခုနှစ်ဖွား၊ အဘ ဦးဖိုးညှင်း၊ အမိ ဒေါ်ဖွားစု တို့၏ သမီး၊ ဧရာဝတီတိုင်း မြောင်းမြမြို့ဇာတိ ဒေါ်ခင်ကြည်သည် ရန်ကုန် နှင့် မြောင်းမြတို့တွင် ပညာသင်ယူခဲ့သည်။
ဒုတိယ ကမ္ဘာစစ် အတွင်း အစ်မဖြစ်သူ ဒေါ်ခင်ကြီးနှင့် အတူ ရန်ကုန်တွင် သူနာပြုဆရာမ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ထိုသို့ တာဝန်ထမ်းနေစဉ် ဒေါ်ခင်ကြည်သည် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဆုံပြီး ၁၉၄၂ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် လက်ထပ်ခဲ့သည်။
အစ်မဖြစ်သူ ဒေါ်ခင်ကြီးသည်လည်း မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် အရေးပါသော ခေါင်းဆောင် တဦးဖြစ်သည့် သခင် သန်းထွန်းနှင့် လက်ထပ်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တွင် သား ၂ ယောက်၊ သမီး ၁ ယောက် ထွန်းကားခဲ့ပြီး သားငယ် အောင်ဆန်းလင်းမှာ ငယ်စဉ်ကပင် ကွယ်လွန်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး နောက်ပိုင်း ဒေါ်ခင်ကြည်သည် ၁၉၄၇ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရသည်။ ၁၉၆၀ မှ စတင်ပြီး အိန္ဒိယ နှင့် နီပေါနိုင်ငံဆိုင်ရာ သံအမတ် အဖြစ် တာဝန်ယူခဲ့သည်။
ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် တဦးတည်းသော အမျိုးသမီး သံအမတ် ဖြစ်သည်။
ရန်ကုန်မြို့တွင် နေထိုင်စဉ် ဒေါ်ခင်ကြည်သည် လေဖြတ်ဝေဒနာကို ခံစားရပြီး ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့ အသက် ၇၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။
သား အကြီးဆုံးဖြစ်သူ ဦးအောင်ဆန်းဦးသည် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်။