ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၌ အိမ်ဂရန်များ ချထားပေးမည်ဟု ဆိုပြီး ကြားဖြတ် ရွေးကောက်ပွဲ အတွက်တရားမဝင် မဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်နေကြောင်း သတင်းရရှိသည်။
မရမ်းကုန်းမြို့နယ် ရပ်ကွက် အားလုံးတွင် အိမ်ဂရန်များရရှိရန် ဆောင်ရွက်ပေးမည်ဟု ဆိုပြီး အိမ်အရောင်းအဝယ်စာချုပ်၊ အိမ်ထောင်စု စာရင်း၊ အိမ်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် အပါအဝင် လိုအပ်သော အချက်အလက် စာရွက်စာတမ်းများကို
တောင်းခံကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
အိမ်ဂရန် ချပေးရန်အတွက် ဒီဇင်ဘာ၂၁ ရက်နေ့မှ၂၂ ရက်နေ့အထိ ရပ်ကွက် ကြံ့ဖွံ့ပါတီရုံးတွင် လာလျှောက်ကြရန်လည်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက လိုက်လံနှိုးဆော်ကြသည်ဟု ဆိုသည်။
“အကုန်လုံး ဂရန်တွေရအောင်လုပ်ပေးမယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေ အကုန်လာတင်ဖို့၊ ပြီးတော့ အခုအာဏာရနေတဲ့ဝန်ကြီး တွေက ကြံ့ခိုင်ရေးပါတီကဖြစ်လို့ ပါတီက လုပ်ပေးလိုက်မယ်ဆိုရင် အိမ်ဂရန် မဖြစ်မနေရမယ် ဆိုပြီးပြောတယ်”ဟု မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံအနီး စတိုးဆိုင်ဖွင့်လှစ်ထားသူ တဦးက ပြောသည်။
မရန်းကုန်းမြို့နယ် ကြံ့ဖွံ့ပါတီ တာဝန်ရှိသူ တဦးကလည်း ရပ်ကွက်တိုင်းတွင် အိမ်ဂရန်များရရှိရန် ပါတီက အခမဲ့အကျိုးဆောင်ပေး သွားရန်ရှိပြီး အကြိမ်ရေခွဲကာ အိမ်ဂရန်များ ချထားပေးရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ပထမ အသုတ်၊ ဒုတိယအသုတ် အဲဒီလိုမျိုးစီစဉ်ဖို့ရှိတယ်။ ဒီစည်းရုံးရေးလုပ်ငန်းစဉ်တွေက ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးရဲ့ ပုံမှန် လမ်းညွှန်မှုနဲ့ လုပ်နေတာပါ”ဟု ရပ်ကွက်ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတဦးက ပြောသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အရာရှိတဦးကမူ အိမ်ဂရန် ချထားပေးသည့် လုပ်ငန်းစဉ်သည် အစိုးရအဖွဲ့၏ အတည်ပြုချက်၊ စိစစ်မှုများနှင့် လုပ်ဆောင်ရကြောင်း၊ အိမ်ဂရန် ချထားပေးရန်လည်း သတ်မှတ်ချက်များစွာ ရှိကြောင်း၊ ရပ်ကွက်တိုင်း အိမ်ဂရန် ချထားပေးရန် မလွယ်ကူဘဲ ဖြစ်နိုင်ခြေ နည်းပါးကြောင်း ပြောပြသည်။
“အိမ်ဂရန်ချပေးမယ်ဆိုရင် အဲဒီမြေက ကျူးကျော်မြေလား၊ ပါမစ်မြေလား၊ အရင်ပိုင်ရှင်ရှိလား၊ နိုင်ငံတော်ပိုင်လား၊ ဒါတွေကို စိစစ် ရတယ်။ မြေပုံကြည့်၊ မြေတိုင်းရမယ်၊ ဂရန်ချပေးနိုင်တဲ့ သတ်မှတ်ချက်နဲ့ ညီမညီဆိုတာလည်း စစ်ရမယ်။ အဆင့်တွေကများတယ်၊ တမြို့နယ်လုံးက ရပ်ကွက်တိုင်းကို ဂရန်တပြိုင်နက်တည်း ချပေးဖို့ဆိုတာ အတော့်ကို ဖြစ်နိုင်ခြေနည်းပါတယ်။ ကျနော့် အထင်ဒါက ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကြိုတင်မဲတွေ၊ ထောက်ခံမဲတွေရဖို့ လုပ်တဲ့လုပ်ရပ်လို့ပဲ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ပြည်တွင်းနိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးကမူ ကြံ့ဖွံ့ပါတီ၏ လုပ်ရပ်သည် အစိုးရက ပြဋ္ဌာန်းထားသော နိုင်ငံရေးပါတီ ဥပဒေနှင့် မညီကြောင်း ပြောဆိုသည်။
“ဂရန်ချပေးမယ်ဆိုပြီး ပြည်သူတွေကို မဲဆွယ်တာက အစိုးရရဲ့အာဏာ၊ နိုင်ငံ့ရဲ့အာဏာကို အလွဲသုံးစားလုပ် မဲဆွယ်တာမျိုးပဲ၊ ဒါပေမယ့် တကယ်ပဲ ပြည်သူတွေအတွက် အိမ်ဂရန်တွေ ရမှာလား၊ တကယ် ရတယ်ဆိုရင် ပြည်သူတွေ အိမ်ဂရန်တွေရပြီး အိုးပိုင် အိမ်ပိုင် နဲ့ နေနိုင်တဲ့အတွက် ဝမ်းသာတယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ ပြည်သူတွေ အိမ်ဂရန် တကယ်မရဘဲနဲ့ ကြံ့ခိုင်ရေးပါတီအတွက် ထောက်ခံမဲ၊ ကြိုတင်မဲရဖို့ ပြည်သူတွေကို လိမ်ညာတာဆိုရင် ဒါက မဲလိမ်၊ မဲခိုးမှုပဲ။ ကန့်ကွက်မယ်။ ကြံ့ခိုင်ရေးပါတီဖျက်သိမ်းဖို့ တောင်းဆိုမယ်”ဟု အဆိုပါနိုင်ငံရေး သမားက ရှင်းပြသည်။
နိုင်ငံရေးပါတီတရပ်သည် နိုင်ငံတော်ပိုင် ပစ္စည်း ဥစ္စာ၊ ငွေကြေးများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ သုံးစွဲကြောင်း စစ်ဆေး တွေ့ရှိရလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ဖော်ပြထားသည်။
ကြံ့ခိုင်ရေးပါတီသည် ၂၀၁၀ ပြည့်နှစ်ကလည်း ရန်ကုန်မြို့ရှိ ရပ်ကွက်လမ်းများတွင် လမ်းအခမဲ့ခင်းပေးမည်ဟုဆိုပြီး ကြိုတင်မဲ၊ ထောက်ခံမဲ တောင်းခံခြင်းများပြုလုပ်ခဲ့သည်။ အမှန်တကယ် လမ်းခင်းချိန်တွင် လုပ်အားခအဖြစ် ရပ်ကွက်နေပြည်သူများထံမှ တအိမ်လျှင် အနည်းဆုံး ကျပ် သုံးသောင်းမှ ရှစ်သောင်းအထိ ကောက်ခံခဲ့သည်။ ထို့နောက်၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက ကြိုတင်မဲများနှင့် အမတ်နေရာအများစု အနိုင်ရရှိခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အဖွဲ့ဝင် စီးပွားရေးသမားတဦးလည်း ဖြစ်သူ ကြံ့ဖွံ့ပါတီမှ ဒေါက်တာပွင့်ဆန်းရွေး
ချယ်ခံခဲ့ရပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရသစ် လက်ထက်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။