အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့မှ ခေါင်းဆောင် တဦးဖြစ်သူ ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)တပ်ဖွဲ့မှ ခေါင်းဆောင်တချို့ ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆန်းမြို့နယ်တွင် ယမန် နေ့ က တွေ့ဆုံ ဆွေးနွေးကြသည်။
“ဝ” ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးနိုင်သည်ဟု ယူဆရသော်လည်း အောက်တိုဘာ ၁ ရက်နေ့က ရှမ်း ပြည်နယ် လားရှိုးမြို့တွင် ငြိမ်းချမ်းရေးဆွးနွေးမှုနှင့် ပတ်သက်၍လည်း ထပ်မံဆွေးနွေးဖွယ်ရှိသည်ဟု ထင်မြင်ကြောင်း ချင်းမိုင်မြို့အခြေစိုက်
သျှမ်း သံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်းက ဧရာဝတီသို့ ပြောသည်။
“အောက်တိုဘာလ ၁ ရက်နေ့က UWSA တင်ပြထားတာ ၁၄ ချက်ရှိတယ်၊ ဒီအချက်တွေနဲ့ ပတ်သက်ပြီးတော့မှ အစိုးရရဲ့ တုံ့ ပြန်ချက်ကို ရချင်တယ်၊ နောက်တချက်က အစိုးရက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ UWSA ကို ပါဝင်ဖို့လာရောက်ဆွေး နွေးတာလည်း ဖြစ်နိုင်တယ်”ဟု ၎င်းက ဆိုသည်။
UWSA တင်ပြသော ၁၄ ချက်တွင် တာချီလိတ်၊ ကျိုင်းတုံ၊ တန့်ယန်း၊ လားရှိုးမြို့နယ်တွင် ကိုယ်စားလှယ်ရုံးများ ပြန်လည် ထား ရှိရေး၊ နှစ်ဖက် ပစ်ခတ် တိုက်ခိုက်ခြင်း မရှိဘဲ ငြိမ်းချမ်းစွာ နေထိုင်ရေး၊ အစိုးရမဟုတ်သော NGO အဖွဲ့များ အား ဝနယ်ထဲသို့ ပြန်လည် အချေချလုပ်ဆောင်ခွင့်ပြုရေး၊ ဝဒေသခံများ ရှေ့ရေး အတွက် တစ်လလျှင် ဆန်အိတ်၂၀၀၀ နှင့် ကျပ်ငွေ သိန်း ၁၀၀ ကို အစိုးရက ထောက်ပံ့ပေးရေး၊ ဝတပ်ဖွဲ့ဝင်များ ရပ်တည်ရေးအတွက် ကျွန်းသစ်နှင့် သစ်မာ နှစ်မျိုးကို ပါမစ် တန်ချိန် ၂၀၀၀၀ ချပေးရေး စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
ဒီဇင်ဘာလ၂၅ ရက်နေ့၌ UWSA ထိန်းချုပ်ဒေသတွင် အစိုးရ ဝန်ထမ်းနှင့် အစိုးရမဟုတ်သော NGO၊ ကမ္ဘာ့ စားနပ် ရိက္ခာ အစီ အစဉ်(WFP) အဖွဲ့များ အပါအဝင် လူဦးရေ ၂၀၀ ခန့် ရောက်ရှိနေကြောင်းလည်း ဦးခွန်စိုင်းက ဆက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာနှင့် အောင်တိုဘာလတို့တွင် အစိုးရ ကိုယ်စားလှယ်များဖြစ်သည့် ဦးအောင်သောင်းနှင့် UWSA ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ပြီး နောက်ပိုင်း ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်များ ချုပ်ဆိုခဲ့သည်။
သြဂုတ်လဆန်းပိုင်းတွင် အစိုးရက ငြိမ်းချမ်းရေး ဖော်ဆောင်လိုသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရများနှင့် ဆက်သွယ်ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက် ပိုင်း UWSA အနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ စစ်အစိုးရ၏ ၂၀၀၈ အခြေခံ ဥပဒေတွင် ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားသည်။
ယင်းအခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စသည့် မြို့နယ်များကို ခရိုင် ၂ ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ဖော်ပြထားသည်။ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှ ထိုမြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။
စစ်အစိုးရ၏ ဒု ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်နှင့် UWSA ကိုယ်စားလှယ်တချို့တို့ ပြီးခဲ့သည့်နှစ် သြဂုတ်လက ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
UWSAသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနက် အင်အား အတောင့်တင်းဆုံး ဖြစ်သည်။