နေပြည်တော် မဏိရတနာ ခန်းမ၌ ယခုလ ၂၄ ရက်မှ ဇန်နဝါရီလ ၃ ရက်အထိ ပြုလုပ်သည့် နှစ်လယ်ကျောက်မျက်ပြပွဲတွင် ရတနာကုန်သည် အဝင်နည်းနေကြောင်းသတင်းရရှိသည်။
“ဒီတခေါက် ကျောက်မျက်ပြပွဲက ဧည့်အဝင် တဝက်လောက် နည်းသွားတယ်။ ကျနော်တို့ဆို အခန်းပေါင်း ၆၂ ခန်းရှိတာ အခန်း ၃၀ လောက်ပဲ ဧည့်ဝင်သေးတယ်” ဟု ဟိုတယ် မန်နေဂျာတဦးက ပြောသည်။
ယခုကျောက်မျက်ပြပွဲသို့ ပြည်တွင်းပြည်ပမှ ရတနာကုန်သည် ၅၄၀၀ ကျော် လာရောက်သည်ဟု ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လ ကျောက်မျက်ပြပွဲတွင် ရတနာကုန်သည် ၈၇၀၀ ကျော်နှင့် ဇူလိုင်လတွင် ရတနာကုန်သည် ၉၃၀၀ ကျော်လာရောက်ခဲ့ပြီး ဒေါ်လာ ၈ ဘီလံယံဖိုးနှင့် ဒေါ်လာ ၁.၅ ဘီလီယံဖိုး အသီးသီး ရောင်းချခဲ့ရကြောင်း သိရသည်။
ယခင်က ကျောက်မျက်ပြပွဲတပွဲပြုလုပ်ပါက အခန်းပြည့် ကြိုတင်ငှားရမ်းခံရသော ဟိုတယ်များသည် ဧည့်သည် တဝက်ပင် ရှိသည့်အတွက် ယခုကျောက်မျက်ပြပွဲသည် အရောင်းစံချိန် ကျနိုင်ဖွယ်ရှိကြောင်း သိရသည်။
“အရောင်း ကျမယ်ထင်ပါတယ်။ ကျနော်တို့နဲ့ အရင် ချိတ်ထားတဲ့ တရုတ်ကုန်သည်တွေ တဝက်လောက်ပဲ လာကြမယ်” ဟု မန္တလေးမြို့မှ ကျောက်စိမ်းကုန်သည်တဦးက ပြောသည်။
တရုတ်နိုင်ငံမှ မြန်မာကျောက်စိမ်းကို အမြတ်ခွန် ၁၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းသို့ မြှင့်လိုက်ခြင်း၊ ပြပွဲတင် စပေါ်ငွေ မြင့်တက်ခြင်း၊ တရုတ်နှစ်သစ်ကူးနှင့် နီးကပ်ခြင်းတို့သည် အရောင်းကျနိုင်စေသော အချက်များဖြစ်ကြောင်း ယင်းကျောက်စိမ်းကုန်သည်က သုံးသပ်သည်။
“အရင်က လေလံဆွဲမယ့်သူက ယူရိုငွေ တသိန်းကနေ ဆယ်သိန်းအောက်ဆို ယူရို တသောင်း၊ ယူရို ဆယ်သိန်းအထက်ဆို ယူရို ငါးသောင်း စပေါ်ငွေတင်ရတယ်။ အခုက အားလုံး တပြေးညီ ယူရို ငါးသောင်း တင်ရတယ်” ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ ယူရိုငါးသောင်းအထိ မြှင့်တင်ခြင်းမှာ ယခင်ပွဲများက အမှန်တကယ် ဝယ်ယူခြင်းမရှိဘဲ ဈေးကစားရုံ ဝင်ဆွဲသော ကုန်သည်တချို့ကြောင့်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
“ဈေးကိုဆွဲတင်ပြီး လေလံဆွဲတယ်။ တကယ်ရတော့ လာမရွေးကြဘူး။ အဲလိုလုပ်လို့ ပြီးခဲ့တဲ့ ကျောက်ပွဲက ကုန်သည်တချို့ ခံလိုက်ရတယ်။ စပေါ်ငွေများလို့ လာမရွေးတော့ ပြပွဲတင်တဲ့သူက မရှုံးတော့ဘူး။ အောက်ကြေးနှိုက်မယ့်သူလည်း မလာတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲ ၁၁၈၂၁ တွဲ၊ ကျောက်မျက်အတွဲ ၂၃၀၊ ပုလဲအတွဲ ၂၆၇ တွဲ တို့ကို တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ပြသရောင်းချကြောင်း သိရသည်။
ယခု ကျောက်မျက်ပြပွဲကို မူလက နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ဒီဇင်ဘာ ၁၄ ရက်မှ ၂၃ ရက် အတွင်းကျင်းပရန် ရွှေ့ဆိုင်းခဲ့သည်။ ထိုမှတဖန် ယခုအချိန်သို့ ထပ်မံရွှေ့ဆိုင်းခဲ့သည်။
ကျောက်မျက်ပြပွဲများကို တနှစ်လျှင် ၃ ကြိမ်ကျင်းပရန် စီစဉ်ထားပြီး ယခုကျောက်မျက်ပွဲသည် နေပြည်တော်တွင် ပဉ္စမအကြိမ် ကျင်းပခြင်းဖြစ်သည်။