မြန်မာအလုပ်သမား ၂ သိန်းခန့် အလုပ် လုပ်ကိုင်နေသည့် ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာအလုပ်သမားများ အတွက် သီးသန့် ဆေးရုံတခု ဆောက်လုပ်ပေးရန်အတွက် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ထိုင်း ကျန်းမာရေးဝန်ကြီးက ယနေ့ ပြောလိုက်သည်။
“မဲဆောက် ဆေးရုံကြီးမှာ လူနာဆောင်တွေ တိုးချဲ့ ဆောက်လုပ်နေပေမယ့် နေရာ လောက်ငှမှု မရှိဘူး။ ဒါကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံက ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့အတွက် သီးသန့် ဆေးရုံ တည်ဆောက်ရေး ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု မဲဆောက်မြို့တွင် ရောက်ရှိနေသော ဝန်ကြီး နိုင်ဝိထယာဗူရန်ဆီရီက ဒေသခံ သတင်းထောက်များကို ပြောသည်။
ဆေးရုံစီမံကိန်းသည် မကြာသေးမီက သမ္မတ ဦးသိန်းစိန် နှင့် ထိုင်းဝန်ကြီးချုပ် ယင့်လတ်ရှင်နာဝပ်တို့ တွေ့ဆုံအပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို ခိုင်မြဲစေမည့် လိုအပ်ချက်အရ ပေါ်ပေါက်လာသော စီမံကိန်း တခု ဖြစ်သည်ဟုလည်း ထိုင်းကျန်းမာရေးဝန်ကြီးက ဖြည့်စွက် ပြောကြားသည်။
မဲဆောက်ဒေသရောက် မြန်မာပြည်သားများသည် ကျန်းမာရေး စောင့်ရှောက်မှု အတွက် အများအားဖြင့် မဲဆောက်ဆေးရုံကြီး နှင့် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းတို့ကို ဆက်သွယ်တတ်ကြသည်။
တရားဝင် အလုပ်သမား မှတ်ပုံတင် ရှိသူများသည် မဲဆောက်ဆေးရုံကြီးတွင် တကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျှင် ထိုင်းဘတ်ငွေ ၃၀ (တဒေါ်လာခန့်) သာ ပေးဆောင်ရမည် ဖြစ်သည်။ ထိုပမာဏသည် ထိုင်းနိုင်ငံသားများ၏ ကျန်းမာရေးအတွက် သတ်မှတ်ထားသော နှုန်းထား ဖြစ်သည်။
သို့သော်လည်း အလုပ်သမား အများစုမှာ တရားဝင် စာရွက်စာတမ်း မရှိပေ။ တရားမဝင် အလုပ်သမားများ မဲဆောက်ဆေးရုံကြီးတွင် ကုသမှု ခံယူနိုင်ကြသော်လည်း ကျန်းမာရေးအတွက် ငွေကြေး ပိုမို ကုန်ကျမည်ဖြစ်သည်။
မြန်မာပြည်သားများအတွက် သီးသန့်ဆေးရုံတခု ပေါ်ပေါက်လာမည် ဆိုသော သတင်းကို မယ်တော်ဆေးခန်းက ကြိုဆိုလိုက်သည်။
“အလုပ်သမားတွေအတွက် သီးသန့်ဆေးရုံ ရှိမယ် ဆိုရင်တော့ အလုပ်သမားတွေ အတွက် ကောင်းတာပေါ့၊ လက်ရှိအခြေအနေထက် ပိုကောင်းတာပေါ့” ဟု မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က ပြောသည်။
သို့သော်လည်း ထိုဆေးရုံကြောင့် မယ်တော်ဆေးခန်းရှိ ဝန်ထုပ် ဝန်ပိုး လျော့ကျသွားဖွယ်မရှိဟု ဒေါက်တာစင်သီယာမောင်က ဆိုသည်။
“ဆေးရုံ ဆောက်ပေးမှာတော့ ဟုတ်ပါပြီ။ လက်မှတ်ရှိသူ လူနည်းစုတွေကိုပဲ ဈေးသက်သက်သာသာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးမယ် ဆိုရင်တော့ ဝန်ထုပ်ဝန်ပိုး သက်သာလာမယ် မဟုတ်ဘူး။ ဆင်းရဲသူတွေ၊ လက်မှတ် မရှိသူတွေက ဒီဆေးခန်းကိုပဲ လာမှာပဲ” ဟု ဒေါက်တာစင်သီယာမောင်က ဧရာဝတီကို ပြောသည်။
မယ်တော်ဆေးခန်းသို့ ကျန်းမာရေး အခမဲ့ စောင့်ရှောက်မှု လာရောက်ခံယူကြသူ အရေအတွက်မှာ တနှစ်လျှင် ၇ဝ,ဝဝဝ ခန့် ရှိသည်ဟု ဆေးခန်း မှတ်ပုံတင်ဌာန၏ မှတ်တမ်းအရ သိရသည်။
မယ်တော်ဆေးခန်းကို အားကိုးနေသူများထဲတွင် မြန်မာအလုပ်သမားများသာမက မဲဆောက်မြို့ တဘက်ကမ်းရှိ မြဝတီမြို့တွင် နေထိုင်သူများလည်း ပါဝင်သည်။ မယ်တော်ဆေးခန်းက အကြီးစားခွဲစိတ်မှု လိုအပ်သော လူနာများကို မဲဆောက်ဆေးရုံကြီးသို့ တရားဝင် လွှဲပြောင်းပေးလေ့ရှိသည်။
မဲဆောက်ဆေးရုံကြီးသည် ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိသူများ၊ တိုက်ပွဲတွင် ဒဏ်ရာ အကြီးအကျယ်ရသူများကို လက်ခံကုသပေးသော ဆေးရုံဖြစ်သည်။
ယနေ့ မဲဆောက်ဆေးရုံကြီးတွင် တိုးချဲ့ လူနာဆောင်အသစ် ဖွင့်လှစ်ပွဲ ကျင်းပရာ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။