အစိုးရနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ငြိမ်းချမ်းရေး အတွက် ပြောဆိုနေကြပြီး သမ္မတ ဦးသိန်းစိန်က အစိုးရ တပ်ဘက်ကို မတိုက်ခိုက်ရန် ညွန်ကြားထားသော်လည်း ပြီးခဲ့သည့် တနင်္ဂနွေနေ့မှ စတင်၍ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက် ရှိသည်။

ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့ မှ စတင်၍ ယနေ့အထိ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့KIA ထိန်းချုပ်ဒေသမှ နမ့်လတ် တပ် စခန်းကို အစိုးရတပ်၏ ခြေလျင်တပ်ရင်း အမှတ် ၆၈၊ ၅၀၇ တပ်ရင်းများ က တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ဧရာဝတီကို ပြောသည်။
“အခုမနက် ၇ နာရီနဲ့ ၈ နာရီကြားမှာ တခေါက် သူတို့ ပြန်ပြီးတော့ ထိုးစစ်ဆင်တယ်၊ အဲဒီတော့ အခုအချိန်အထိ ကျနော်တို့ ခုခံနေတုန်းပဲ”ဟု ၎င်းက ဆိုသည်။
ယင်း ဒေသရှိ KIA နမ့်လတ် တပ်စခန်းကို သိမ်းပိုက်ရန်အတွက် စစ်သည်အင်အား ၃၀၀ ခန့်ဖြင့် တိုက်ခိုက်နေခြင်း ဖြစ် ကြောင်းလည်း ဗိုလ်မှူးကြီး ဇော်ရောက ဆက်ပြောသည်။
“သူတို့ဘက်က ထိုးစစ်ဆင်တာ၊ ဘာရည်ရွက်ချက်လည်းတော့ မသိဘူး၊ သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ကို ညွန့်ကြားချက် ပို့တာ ထိုးစစ်မဆင်ဘူးတို့ ဘာတို့ဆိုတာ အဲဒါကတော့ အလကားပဲ၊ မဖြစ်နိုင်တဲ့ ပုံစံပဲ၊ စစ်တပ်က သမ္မတ စကားကို နားမထောင် တာပဲလားတော့ မသိဘူး၊ အချင်းချင်းထဲမှာ ဘာဖြစ်ကြသလဲ မသိဘူး၊ သိသာလွန်းတယ်”ဟု ၎င်းက ဆိုသည်။
ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများ၌ တပ်အင်အား တိုးခြင်း၊ ထိုးစစ်ဆင်ခြင်းတို့ မလုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာ ၁၀ ရက်နေ့က စာပို့ ညွန်ကြားထားသည်။
သမ္မတ ဦးသိန်စိန်၏ နိုင်ငံရေး အကြံပေးအဖွဲ့မှ ဦးကိုကိုလှိုင်ကမူ စစ်တပ်က သမ္မတ အမိန့်ကို မနာခံ၍ တိုက်ပွဲများဆက်ဖြစ် နေခြင်း မဟုတ်ကြောင်း၊ နှစ်ဦးနှစ်ဘက် ယုံကြည်မှု မတည်ဆောက်နိုင်ခြင်းတို့ကြောင့် ယခုကဲ့သို့ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲများတွင် လတ်တလော ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို မသိရှိရသေးသော်လည်း အစိုးရ၏ လက်နက်ကြီး ဒဏ် ကြောင့် KIA တပ်ဖွဲ့ဝင် ၂ ဦး မူးဝေသည့် ဝေဒနာ ခံစားရကြောင်း၊ အစိုးရတပ်က သုံးခဲ့သည့် လက်နက်ကြီးများတွင် ဓာတုပစ္စည်း ပါဝင်နိုင်ကြောင်း ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။
၎င်း၏ ပြောဆိုချက်အား သီးခြား အတည်မပြုနိုင်သော်လည်း ဧရာဝတီက မကြာသေးခင်က ရရှိခဲ့သော ဓာတ်ပုံမှတ်တမ်းများ အရ KIA တပ်ဖွဲ့ တချို့ စစ်မြေပြင်တွင် ဓာတ်ငွေ့ကာ မျက်နှာဖုံးများ တပ်ဆင်၍ တိုက်ပွဲဝင်နေကြောင်း တွေ့ရသည်။
“စာပို့လာတော့ ကျနော်တို့က ထပ်မံတွေ့ဆုံမယ့် အဖွဲ့ကို ဖွဲ့ပြီးပြီ၊ ပြင်ဆင်ပြီးပြီ၊ အကြောင်းလည်း ပြန်ပြီးပြီ၊ အဲဒီတော့ သူတို့ ထပ်ပြီး ထိုးစစ်ဆင်လာတယ်ဆိုတော့ သူတို့ကို ဘယ်လိုယုံရမှန်း မသိတော့ဘူး”ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့က နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ကမ်းလှမ်းမှုနှင့် ပတ်သက်၍ KIA က ဆွေးနွေးလိုကြောင်းလည်း မကြာခင်ရက်ပိုင်းအတွင်း စာပြန် ထား ကြောင်း သိရသည်။
နိုဝင်ဘာလ၂၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ ဦးအောင်သောင်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့နှင့် KIO ခေါင်းဆောင်များ နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် KIO အဖွဲ့ခေါင်းဆောင်များက အပစ်အခတ်ရပ်စဲရေး သက်သက်ထက် နိုင်ငံရေးအရ ဦးစားပေး ဆွေးနွေးရန် တိုက်တွန်းမှုအပေါ် အစိုးရဘက်မှ ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်။
အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ယခုနှစ် ဇွန်လမှစတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် KIA ထိန်းချုပ်ရာ လိုင်ဇာဒေသတဝိုက်၌ လတ်တလော ဒုက္ခသည် ၃၄၀၀၀ ကျော်ရှိပြီး ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုင်ဂျာယန် စသည်တို့တွင် ဒုက္ခသည် ၇၀၀၀ ခန့် ထပ်မံ တိုးပွားလာကြောင်း သိရသည်။
KIA သည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ်အ ခတ်ရပ်စဲ ခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော် လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လတွင် စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်းဖြစ်သည်။