မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့သည် မကြာသေးခင်က နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြ မှုဖြစ်ပွားခဲ့သော ရန်ကုန်မြို့ရှိ အင်းစိန် ထောင်သို့ယမန်နေ့က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အင်းစိန်ထောင်သို့ ယမန်နေ့က ရောက်ရှိခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကိုကြီး(စမ်းချောင်း)က“မနေ့က မနက် ပိုင်း က ဝင်စစ်ဆေးသွားတယ်လို့သိရတယ်။ ဒီလို ဝင်ရောက်စစ်ဆေးတယ်ဆိုတာ ကောင်းတဲ့လုပ်ရပ် ဖြစ်လို့ ကြိုဆို တယ်။ ဒါပေမယ့် လိမ်ညာမခံရဖို့ အရေးကြီးပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။
အဆိုပါအဖွဲ့သည် မကြာခင်က နိုင်ငံရေးအကျဉ်းသားများက အစာငတ်ခံဆန္ဒပြစဉ် တိုင်ကြားခဲ့သည်ကို လာရောက် စစ်ဆေးသည်ဟု ယူဆရသော်လည်း ကာယကံရှင်များကို တွေ့ဆုံမေးမြန်းခဲ့ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က အင်းစိန်ထောင်သို့ ရောက်ရှိစဉ် ပုဒ်မ ၅(ည)၊ ပုဒ်မ ၁၇(၁) တို့ဖြင့် အကျဉ်းကျနေသူ ၃ ဦးနှင့် တွေ့ဆုံခဲ့ကြောင်း ပြောသည်ဟု လွတ်လပ်သောအာရှ အသံ(RFA) ရေဒီယို သတင်းဌာနက ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းက အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးသည် အကျဉ်းသားရပိုင်ခွင့် များအတွက် အစာငတ်ခံ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။
ကိုကိုကြီး(စမ်းချောင်း)က ဆက်လက်၍ နိုင်ငံရေးအကျဉ်းသားများကို အသိအမှတ်ပြုပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် လိုကြောင်း၊ အသိအမှတ်မပြု၍ ပြဿနာများရှိနေကြောင်း၊ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကိုယ်တိုင် သက်ဆိုင် ရာ အကျဉ်းထောင်များအလိုက် စနစ်တကျ နိုင်ငံရေးအကျဉ်းသား စာရင်း ပြုစုနေကြောင်း ပြောဆိုသည်။
နိုင်ငံရေးအကျဉ်းသား စာရင်းပြုစုနေသည့် ကိုဗမျိုးသိန်းကလည်း“နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ ထောင်အလိုက် စာရင်း အတိအကျနဲ့အခိုင်အမာဖော်ပြနိုင်ဖို့ လုပ်နေတယ်။ အခုထောင် ၂၀ ကျော် စာရင်း လုပ်ထားတယ်။ ပိုပြီး အသေး စိပ် ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတယ်”ဟု ပြောသည်။
လက်လှမ်းမီသော စာရင်းများအရ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ရှိသည်ကို အခိုင်အမာပြောနိုင်ပြီး၊ ဆက်လက်၍ အကျဉ်းထောင်အလိုက် စာရင်းများပြုစုရန် ကျန်ရှိနေသေးကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၊ ထိုင်း အခြေ စိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) စသည့် အဖွဲ့အစည်းများ၏ စာရင်းများနှင့် လည်း တိုက်ဆိုင်ပြုစုနေကြောင်း သူက ဆက်လက်ပြောဆိုသည်။
“နိုင်ငံရေးအကျဉ်းသားကိစ္စကို အစိုးရက တလျှောက်လုံး မရှိဘူးငြင်းနေပေမယ့် အမှန်တကယ်ရှိတာကို နိုင်ငံရေး အကျဉ်း သားဟောင်းတွေ ကိုယ်တိုင်က သိနေတာပဲ”ဟု ကိုဗမျိုးသိန်းက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားကိစ္စတွင် နိုင်ငံရေးပုဒ်မနှင့် ဖမ်းဆီးခံရသူ၊ နိုင်ငံရေး ပုဒ်မဟုတ်သော်လည်း နိုင်ငံရေးနှင့်ပတ်သက်ပြီး အဖမ်းခံရသူများကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီး နိုင်ငံရေးနှင့် မဆက်နွယ်ဘဲ နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးခံရသူ များကို မသတ်မှတ်ကြောင်း နိုင်ငံရေးအကျဉ်းသားစာရင်းပြုစုရာတွင် အခက်အခဲများရှိနေသေးကြောင်း ၎င်းကပြောသည်။
AAPP က နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၅၇၂ ဦးရှိပြီး ၉၁၈ ဦးသည် မည်သည့်ထောင်များတွင် ရှိနေသည်ကို အသေအချာ ပြောနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခြင်းဖြင့် လည်းကောင်း၊ လက်နက်ကိုင် လမ်းစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခြင်း၊ အားပေးထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ပါဝင်သည်၊ ထောက်ပံ့ ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံ ထောင်အသီးသီး၊ ရဲဘက်စခန်းများနှင့် စစ်ကြောရေး စခန်းများတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော မည်သူကိုမဆို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ကြောင်းလည်း AAPP က အဓိပ္ပာယ်ဖွင့် ဆို ထုတ်ပြန်ထားသည်။
NLD ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က“အခု အစိုးရနဲ့ အတိုက်အခံကြား နိုင်ငံရေးအကျဉ်းသား စာရင်း ကွာဟ ရတဲ့အဓိက အချက်က အဓိပ္ပာယ်သတ်မှတ်ချက်ကြောင့်ပါလို့ ကျနော်ပြောချင်တယ်”ဟု ပြောဆိုသည်။
NLD က နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့်ကို လတ်တလော အတည်ပြုထားသည်။
ယင်း နိုင်ငံရေး အကျဉ်းသား ကိန်းဂဏန်းမှာ ပါတီရုံးသို့ ဆက်သွယ်သူများသာဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် လာရောက်မဆက်သွယ်သူများလည်း ရှိနေသေးကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။
မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ကျင်းပသော အာဆီယံ ထိပ်သီးညီလာခံတွင် သမ္မတဦးသိန်းစိန်က နိုင်ငံ ရေးအကျဉ်းသား မရှိကြောင်း ပြောဆိုခဲ့သော်လည်း ပြည်သူ့လွတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ယုံကြည်ချက် အကျဉ်း သားဟူသော အဓိပ္ပာယ် ရှိသည့် စကားရပ်သုံးပြီး မကြာခင်ပြန်လွတ်ရန် ရှိကြောင်း သတင်းထောက်များကို ပြောဆိုထားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းများ ဦးဆောင်နေသည့် မီးရထား ဝန်ကြီး ဦးအောင်မင်းကလည်း လာမည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ လများအတွင်း နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်နိုင်သည်ဟု မကြာသေးမီက ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်က သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် အကျဉ်းသား ၆၃၅၉ ဦး ပြန်လွှတ်ပေးရာ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ပါဝင်သည်။