အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က နာမည်ကျော် လူရွှင်တော် ဇာဂနာအား NLD ပါတီဝင်ရန် ဖိတ်ခေါ်လိုက်သည်။
NLD တွင် ပညာတတ်လူငယ်ကင်းမဲ့နေကြောင်း မကြာသေးခင်က ပေါ်ပေါက်လာသည့် ဇာဂနာ၏ အငြင်းပွားဖွယ် ပြောဆိုချက်နှင့် ပတ်သက်ပြီး ဧရာဝတီက အင်္ဂါနေ့က ဆက်သွယ် မေးမြန်းစဉ် ဦးဝင်းတင်က ထိုသို့ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
“ကိုဇာဂနာကို ဖိတ်ချင်တယ်။ လာပါ ကိုဇာဂနာ။ ကိုဇာဂနာတို့ ဝင်လုပ်ကြပါ။ NLD မှာ ဝင်လုပ်ပါ။ ဒီပွဲကြီးဟာ ကျနော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ပွဲ ဖြစ်ပါတယ်” ဟု ဦးဝင်းတင်က ဆိုသည်။
“နည်းတယ်၊ များတယ်ဆိုတာက အထင်အမြင်ကို ပြောတာပေါ့ဗျာ၊ ကျနော်က နည်းတယ်တို့၊ များတယ်တို့၊ အတိုင်းအတာတွေကို မပြောချင်ဘူး။ နည်းတယ် ပြောနေသူတွေ များများ ဝင်ပြီးဆောင်ရွက်ဖို့ လိုတယ်” ဟု ဦးဝင်းတင်က ဆက်ပြောသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် လူရွှင်တော် ဇာဂနာက မြန်မာလူငယ်များ အတွက် အလုပ် လုပ်မည်ဖြစ်ကြောင်း၊ မြန်မာ လူငယ်အများစုမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတ မရှိကြောင်း၊ NLD တွင်လည်း အသက် ၄၀ အောက် ပညာရှင်၊ ပညာတတ်များ မရှိကြောင်း ပြောဆိုခဲ့သည်။
ဇာဂနာ ထိုင်းနိုင်ငံသို့ ခေတ္တရောက်ရှိစဉ် ထိုသို့ မှတ်ချက်ချလိုက်ခြင်းကို အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများ၊ မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများကြားတွင် ငြင်းခုန် ဆွေးနွေးနေကြသည်။
NLD ခေါင်းဆောင် ဦးဝင်းတင်ကမူ ပါတီတွင် ပညာတတ်၊ ပညာရှိများ သာမက အလွှာ အသီးသီး ပါဝင်နေသည်ဟု ဆိုသည်။
“ဘွဲ့ ၂ ထပ်ကွမ်း၊ ၃ ထပ်ကွမ်း၊ ပါရဂူဘွဲ့ ရတဲ့လူတွေလည်း လိုတယ်။ အရေးကြီးတာက ဘွဲ့ရခြင်း၊ မရခြင်း၊ အင်္ဂလိပ်လို တတ်ခြင်း၊ မတတ်ခြင်း၊ ဒါကို ပြောတာ မဟုတ်ဘူး။ လိုတာက ပညာတတ်တွေ လိုတာ။ ပညာတတ်တယ် ဆိုတာက လူထုအကျိုးကိုပြုနိုင်တဲ့၊ ပညာတွေ အမျိုးစုံ တတ်တဲ့သူတွေ လိုတာ။ ဒါပေမယ့်လို့ အဲဒီ ပညာတတ်တွေနဲ့ချည်း လုပ်လို့ မပြီးပါဘူး”ဟု သူက ဆိုသည်။
နိုင်ငံခြားတွင် ပညာ သွားရောက် သင်ယူပြီး ပြန်မလာသူများရှိကြောင်း၊ ပညာတတ်များ ပါတီ ဝင်ရုံသာမက အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်ကြောင်း ဦးဝင်းတင်က ပြောသည်။
NLD သည် သောကြာနေ့က ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး ပါတီ ဝင်လိုသူများကို ဖိတ်ခေါ်လျက်ရှိသည်။ NLD တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူများလည်း ပါတီဝင်ဖြစ်ရေးအတွက် ပြန်လည် လျှောက်လွှာတင်ရမည်ဟု NLD က ဆိုသည်။
အနာဂတ် NLD တွင် လူကြီးပိုင်းက နာယက နေရာများတွင်သာ တာဝန် ယူသွားမည်ဖြစ်သည်ဟု ဦးဝင်းတင်က ပြောသည်။
“လူငယ်ပိုင်းတွေကို တိုးတိုးပြီး နေရာပေးသွားဖို့ ကျနော်တို့ သဘောထားရှိတယ်။ လူငယ်ပိုင်းတွေ ဝင်ဦးဆောင်ကြတဲ့ အခါ လူကြီးပိုင်းတွေကလည်း ဖယ်ပေးသွားကြမှာဖြစ်တယ်” ဟု သူက ဆိုသည်။
ထိုသဘောထားသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စဉ် ပထမဆုံး ပြုလုပ်သည့် NLD ထိပ်တန်း ခေါင်းဆောင်များ အစည်းအဝေးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ဤအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် အစိုးရတို့၏ ဆက်ဆံရေး ကောင်းမွန်လာပြီး ပါတီအား ကော်မရှင်တွင် မှတ်ပုံတင်လိုက်သဖြင့် အလွှာအသီးသီးမှ လူထုက ကြောက်ရွံ့မှု မရှိကြတော့ဘဲ လာရောက် ထိတွေ့ ဆက်ဆံနေကြကြောင်း၊ NLD ပိုမို အားကောင်းစေရန် မည်သူ့ကို မဆို တံခါးဖွင့်ထားကြောင်း ဦးဝင်းတင်က ဆက်ရှင်းပြသည်။
ဝန်းရံလာသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဓာတ်ပုံတွဲရိုက်လိုသူများ၊ ကိုယ်ကျိုးရှာသူများ၊ အမတ်ဖြစ်လိုသူများလည်း ပါလာနိုင်ကြောင်း သူက ဆိုသည်။
“ကျနော်တို့ပါတီကို အပြင်လူတွေ ဝင်လာနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အလွန် အင်မတန်အားကောင်းတဲ့၊ ဆွဲဆောင်အား ရှိတော့ လူတွေလည်း ပိုပြီး ဝန်းရံလာကြတဲ့ အခါကျတော့ ဒီလို ဝန်းရံလာတဲ့သူတွေကို တွန်းဖယ်တာတို့ ကျောခိုင်းတာတို့ ကျနော်တို့ မလုပ်ချင်ဘူး” ဟု သူက ဆိုသည်။
NLD ပါတီကို ဝန်းရံသူ များလာခြင်းသည် နိုင်ငံအတွက်လည်း အကျိုးရှိစေသည်ဟု သူက ပြောသည်။
ဆက်စပ်သတင်း