အဆိုတော် ၈၀ ကျော်နှင့် တေးဂီတဝိုင်း ၈ ဖွ့ဲ ပါဝင်ဖျော်ဖြေမည့် ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော်သည် အကြီးကျယ်ဆုံး စုစည်းမှုဖြစ်သည်ဟု ဂီတလောကသားများက ပြောသည်။
အဆိုပါ ရန်ပုံငွေပွဲကို ဒီဇင်ဘာ ၃၀ရက်နေ့ မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းရှိ Myanmar Convention Center (MCC) တွင် ကျင်းပ မည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးဝင်းတင်၊ ဦးဝင်းထိန်နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဖြိုးမင်း သိန်းတို့အပါအဝင် ဂီတလောကသားများဖြစ်သည့် Metal Zone တေးဂီတအဖွဲ့မှ ကိုဇော်ဝင်းနှင့် ကိုရဲလွင်၊ ဆောင်းဦးလှိုင်တို့က တာဝန်ယူ ဆောင်ရွက်နေသည်။
Metal Zone ကိုဇော်ဝင်းက“နိုင်ငံရေးလုပ်တာမဟုတ်ဘူး၊ ကိုယ့်အသိစိတ်နဲ့ကိုယ် ဂီတ ပညာရှင်အားလုံး အန်တီစု နောက်မှာ ရပ် တည်တာ၊ ဘယ်သူ့ကိုမှ အထူးတလည်မဖိတ်ရပါဘူး”ဟု ဆိုသည်။
ယခုဖျော်ဖြေပွဲသည် လက်ရှိ ဂီတလောက၏ စုစည်းမှု မှတ်တိုင်တခုဖြစ်ကြောင်း၊ လူငယ်များနှစ်သက်သည့် ဟစ်ပ်ဟော့ပ် တေးသံ ရှင်များအပြင် ရော့ခ်တေးသံရှင်များနှင့် ကိုယ်ပိုင်သံစဉ်သီဆိုသည့် တေးသံရှင်များလည်း ပါဝင်သည့်အတွက် နှစ်ငါးဆယ်အတွင်း အကြီးမားဆုံး ဂီတလှုပ်ရှားမှုဟု ဆိုနိုင်ကြောင်း ကိုဇော်ဝင်းက ပြောသည်။
နိုင်ငံတော်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ဒီမိုကရေစီအင်အားစုများဖြင့် ပူးပေါင်းဆောင်ရွက်နေချိန်တွင် ဂီတလောကသားများလည်း အားလုံးပူးပေါင်းဆောင်ရွက်သည့်အတွက် ဝမ်းသာကြောင်း ဆက်လက်ပြောသည်။
လက်ရှိ နာမည်ကြီး Emperor နှင့် Iron Cross တေးဂီတဝိုင်းများကို အခြေခံရန် ကြိုးစားခဲ့သော်လည်း Iron Cross တေးဂီတ အဖွဲ့ဝင်တချို့ ခရီးလွန်နေသည့် အတွက် ပါဝင်နိုင်ခြင်းမရှိကြောင်း၊ Lazy Club ဂီတဝိုင်း နှင့် တေးသံရှင်တချို့မှာ နှစ်သစ်ကူးပွဲတော် ဖျော်ဖြေမှုများရှိ၍ လာရောက်ပူးပေါင်းနိုင်ခြင်း မရှိကြောင်း သိရသည်။
တေးရေး တေးဆို လင်းလင်းကလည်း မည်သူတဦးတယောက်၏ တိုက်တွန်းမှု၊ အတင်းအကျပ်ခေါ်ဆိုမှုကြောင့် လာရောက်ခြင်း မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသားပညာရေးအတွက် လှူဒါန်း မည်ဆိုသည့် ရည်ရွယ်ချက်၊ နိုင်ငံရေးတွင် စိတ်ဝင်စားခြင်းတို့ကြောင့် လာရောက်ခြင်းဖြစ်ကြောင်း၊ အလားတူ တခြားသော တေးသံရှင်များသည်လည်း ထိုကဲ့သို့သော စိတ် ထားဖြင့် လာရောက်ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောသည်။
“ဘာ ဗီအိုင်ပီမှ မရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည် ခြံထဲကလူတွေလည်း ဝယ်ကြည့်ရတာပဲ၊ တကယ့်စစ်မှန်တဲ့ အလှူပွဲမို့လို့ ကိုယ့် အသိစိတ်နဲ့ လာပူးပေါင်းတဲ့သူတွေ စုစည်းမိတဲ့ ပွဲတပွဲပဲ”ဟု သူက ဆိုသည်။
ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် ဖျော်ဖြေပွဲ ဖြစ်မြောက်ခြင်းအားဖြင့် ဂီတလောကအတွင်း ပုဂ္ဂိုလ်ရေး မုန်းတီးမှု၊ စီးပွားရေး ပြိုင်ဆိုင်မှု စသည့် အာဃာတများ လျော့ပါးလာမည်ဟု ထင်ကြောင်းလည်း လင်းလင်းက ပြောသည်။
ပါဝင်ဖျော်ဖြေမည့် တေးသံရှင်များမှာ ဇော်ဝင်းထွဋ်၊ အဲလက်စ်၊ Lလွန်းဝါ၊ ကော်နီ၊ ဆုန်သင်းပါ၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ R ဇာနည်၊ ဟဲလေး၊ ဖိုးကာ၊ ဉာဏ်လင်းအောင်၊ အစိုင်း၊ M သီဟ၊ ထွန်းအိန္ဒြာဗိုလ်၊ ယုဇန၊ ဟယ်ရီလင်း၊ မာရဇ္ဖ၊ ထွန်းထွန်း၊ ဟန်ထွန်း၊ လင်း လင်း၊ ဂျီလတ်၊ သအို၊ ထက်နေခြည်၊ တင်ဇာ်မော်၊ Lဆိုင်းဇီ၊ ချစ်သုဝေ၊ N ကိုင်ရာ၊ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ကောင်းမြတ်၊ မိုးမိုး၊ ချမ်းချမ်း၊ ရှင်ဖုန်း၊ နေနေ၊ တူးတူး၊ အက်စ်ကဲနက်၊ ဇော်ပိုင်၊ ဘိုဖြူ၊ လင်းလက်၊ နွဲ့ယဉ်ဝင်း၊ သံသာဝင်း၊ မီးမီးခဲ၊ ကဗျာဘွဲမှူး၊ ဂျေမောင်မောင်၊ ဖြိုးကြီး၊ အောင်ခန့်၊ သျှီ၊ မေခလာ၊ ခင်ဘုဏ်း၊ ရတနာမိုင်၊ ကိုရဲလွင်၊ ကိုနေဝင်း၊ သားထွေး၊ ဂျေညီညီ၊ စံလင်း၊ ရင်ဂို၊ တာရာ၊ တိုးလွင်၊ အောင်အောင်၊ ညီညီလွင်၊ ကိုထွဋ်၊ ဂျေညီမလေး၊ Lil ကောင်းမြတ်၊ ကြက်ဖ၊ ရသ၊ ဘိုလေး၊ ယုန် လေး၊ ငယ်ငယ်၊ စန္ဒီမြင့်လွင်၊ ဇေယျာသော်၊ အနဂ္ဂနှင့် အက်ဆစ်အဖွဲ့တို့ ဖြစ်ကြသည်။
ပါဝင်တီးခတ်မည့် တေးဂီတဝိုင်းများမှာ Metal Zone၊ Emperor ၊ The Trees ၊ Heaven Born၊ Spectrum၊ Plus Tree ၊ Vertical တို့ ကူညီတီးခတ်မည်ဖြစ်သည်။
လက်မှတ် ၁သောင်း ရိုက်နိုပ်ရောင်းချမည်ဖြစ်ပြီး တန်ဖိုးမှာ ကျပ် ၃သောင်း၊ ၂သောင်း၊ ၁သောင်း၊ ၅ထောင် ဟု သတ်မှတ်ထားကာ Myanmar Convention Center (MCC) ဝန်းအတွင်း ကျင်းပရန် စီစဉ်ထားသည်။
လာရောက်သည့် ပွဲကြည့်ပရိသတ်၏ လုံခြုံရေးအတွက် NLDနှင့် လူငယ်ကွန်ရက်များမှ အဖွဲဝင် ၂၅၀ ခန့်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၁၀၀ ခန့်၊ Excel ပုဂ္ဂလိက လုံခြုံရေးအဖွဲ့ဝင် ၅၀ ငှားရမ်းထားကြောင်း၊ အရက်သေစာ သောက်စားခွင့်ပြုမည် မဟုတ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့က အနုပညာရှင် ၅၀ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပြီးနောက် ထိုသို့ တိုင်းရင်း သားများ ပညာရေးအတွက် ဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်ခြင်းဖြစ်သည်။
ယခုလအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်အနုပညာရှင်များတွေ့ဆုံကာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူး ရန်တွေ့ဆုံခဲ့သေးသည်။