၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန် ယူမည့် မြန်မာအစိုးရသည် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး စသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများဆက်လက် လုပ်ဆောင်ရမည် ဟု ရန်ကုန်တွင် ရောက်နေသော အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa က ယနေ့ ပြောလိုက်သည်။

ယနေ့ ညနေပိုင်းက ဆီဒိုနားဟိုတယ်တွင် ပြုလုပ်သော အင်ဒိုနီးရှား-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးက ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။
“ဥက္ကဋ္ဌရာထူးအတွက် အာဆီယံနိုင်ငံတွေအားလုံးက သဘောတူ ထောက်ခံခဲ့တယ်။ ဥက္ကဋ္ဌရာထူးကြောင့် မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဟု Mr. Natalegawa က ဆိုသည်။
အာဆီယံအသင်းကလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် မည်သို့မည်ပုံ ကူညီနိုင်မည်ကို နည်းလမ်း ရှာဖွေသွားမည်ဟု သူက သတင်းထောက်များကို ပြောသည်။
“မြန်မာအစိုးရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံပါတယ်။ ဒါပေမဲ့ ဒါတွေက ဆက်တိုက် လုပ်ဆောင်ဖို့ လိုတယ်။ ဒီမိုကရေစီ ကတိကဝတ်တွေကို တည်အောင် လုပ်ဖို့ ပါတယ်” ဟု အင်ဒို ဝန်ကြီးက ပြောသည်။
အင်ဒိုနီးရှားသည် လက်ရှိ အာဆီယံဥက္ကဋ္ဌတာဝန် ယူထားရာ အင်ဒိုဝန်ကြီးသည် အောက်တိုဘာလကုန်ပိုင်းက မြန်မာပြည်သို့ တကြိမ် လာရောက်ပြီး ၂၀၁၄ အာဆီယံဥက္ကဋ္ဌတာဝန်အား မြန်မာပြည်သို့ ပေးအပ်ရန် သင့်မသင့် လေ့လာခဲ့သေးသည်။
ယခု ခရီးစဉ်အတွင်း အင်ဒိုနီးရှားနှင့် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးများကိုလည်း အရှိန်အဟုန် မြှင့်ရေးအတွက် မြန်မာအစိုးရနှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
“၂၀၁၅မှာ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာသန်းငါးရာထိ တိုးလာဖို့ သဘောတူထားတယ်။ ဒီနှစ်ထဲမှာ သန်း ၃၀၀ ရှိပါတယ်။ ရန်ကုန်-ဂျကာတာ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲဖို့လည်း ရှိတယ်” ဟု ဝန်ကြီးက ပြောသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တနာရီကြာ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။