ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်ဘေး မေတ္တာမွန် ဝင်းအတွင်းရှိ ပစ္စည်းဂိုဒေါင်ရုံတချို့တွင် ယနေ့နံနက် ၂ နာရီ ဝန်းကျင်မှ စတင်ကာ မီးလောင်မှုနှင့်ပေါက်ကွဲမှုများဖြစ်ပွားသောကြောင့် သေဆုံးသူ ၁၇ ဦးရှိ၍ ဒဏ်ရာရသူ ၈၁ ဦးရှိပြီး သေဆုံးသူ အရေအတွက် ထပ်မံတိုးနိုင်ဖွယ်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

လျှပ်စစ်ပစ္စည်းများသိုလှောင်သော ဂိုဒေါင်အမှတ် ၈၀ နှင့် ပရဆေးများသိုလှောင်သော ဂိုဒေါင်အမှတ် ၇၉ တွင် မီးလောင်မှုစတင်ဖြစ် ပွားခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားပြီး ၁၀ မိနစ်ခန့်တွင် ပေါက်ကွဲမှုများ စတင်ဖြစ်ပေါ်ခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် မီးသတ် တပ်ဖွဲ့ဝင် ၅ ဦး၊ အရပ်သား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဆိုသည်။
ဒဏ်ရာ ရရှိသူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃၃ ဦး၊ အရပ်သား ၄၈ ဦး စုစုပေါင်း ၈၁ ဦးရှိပြီး အလွန်စိုးရိမ်ရသော အခြေအနေ ရှိသည့် လူနာများပါဝင်ကြောင်း၊ ထို့ကြောင့် သေဆုံးသူအရေအတွက် တိုးနိုင်ကြောင်း ဒေသခံများနှင့် ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ တာဝန် ရှိသူများက ပြောဆိုကြသည်။
“အခု မီးလောင်မှုကို စစ်လိုက်တော့ ဂိုဒေါင် အမှတ် ၇၉ မှာ ယမ်းစိမ်း၊ ကန့်၊ ဇဝက်သာ လိုမျိုး ပရဆေးတွေ ပိဿာ ထောင်နဲ့ချီ
လှောင်ထားတယ်။ အဲဒါကြောင့် မီးလောင်သွားတဲ့အချိန်မှာ ပေါက်ကွဲမှုကြီးဖြစ်သွားတာ။ မီးလောင်မှုဘယ်လိုစဖြစ်တယ် ဆိုတာ ကတော့ ဝါယာရှော့လား၊ ပေါ့ဆမီးလား ဆိုတာကို ခုံရုံးဖွဲ့စစ်ဆေးမယ်။ ပိုင်ရှင်တွေကို ဖမ်းဆီးထားတယ်”ဟု ရန်ကုန်တိုင်း မီးသတ် တပ်ဖွဲ့ဝင် တဦးက ပြောသည်။
ပေါက်ကွဲမှုကြောင့် အနက် ၁၂ ပေခန့်ရှိသော မြေကျင်းကြီးတခု ဖြစ်ပေါ်သွားခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ တငွေ့ငွေ့လောင်ကျွမ်းနေ ဆဲဖြစ်သည်ဟု သိရသည်။
“မီးကတော့ ပစ္စည်းတွေလှောင်ထားတာဆိုတော့ လှိုက်ပြီးလောင်နေတယ်၊ စိုးရိမ်ရတဲ့အနေအထားတော့ မဟုတ်တော့ဘူး၊ မီးညွှန့်ကျိုးသွားပါပြီ၊ သေသွားတဲ့သူတွေက ပေါက်ကွဲမှုကြောင့် လွင့်သွားတဲ့ ကွန်ကရစ်တုံးတွေမှန်ပြီး သေကုန်ကြတာ၊ အလောင်းတွေကို စိစစ်နေတယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး တဦးက ပြောဆိုသည်။
မီးလောင်မှုကြောင့် ဂိုဒေါင် ၁၆ လုံး၊ အိမ်ခြေ ၂၂၆ လုံး ပျက်စီးသွားခဲ့ပြီး မိသားစုပေါင်း ၂၁၆ စု လူဦးရေ စုစုပေါင်း ၁၀၃၈ ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်းတထောင်ကျော်သာ ရှိသည်ဟု မီးသတ် ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။