အစိုးရနှင့် မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အဖွဲ့တို့ ပြီးခဲ့သည့် အင်္ဂါနေ့က ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးသည်။

အစိုးရ၏ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်း၊ ဦးသိန်းဇော် နှင့် NDAA အဖွဲ့ ခေါင်း ဆောင် ဦးစိုင်းလင်း၊ ဦးစံပေတို့က အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းဖြစ်သည်။
အချက် ၆ ချက်ပါ ယင်းသဘောတူညီချက်တွင် မိုင်းလား အထူးဒေသ(၄) NDAA အနေဖြင့် နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ သွေးကွဲခြင်း များကို လုံးဝပြုလုပ်မည် မဟုတ်ကြောင်း၊ နိုင်ငံတော်၏ ကာကွယ်ရေးအင်အားစုများနှင် ပူးပေါင်းဆောင်ရွက်ရေး၊ မိုင်းလားဒေသရှိ
ပြည်သူ့ ကိုယ်စားလှယ်များ နိုင်ငံတော်၏ လွှတ်တော်အဆင့်ဆင့်တွင် ပါဝင်ရေးတို့လည်း ပါရှိသည်။
ထို့အပြင် တပ်မတော်နှင့် မိုင်းလားအဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းရန် နှစ်ဘက် ဆက်ဆံရေး ဌာနများ ထားရှိရန်၊ သဘောတူညီထားသည့် နယ်မြေမှအပ ကျန်နယ်မြေများတွင် လက်နက်ကိုင်ဆောင် သွားလာမှုကို နှစ်ဘက် ညှိနှိုင်းပြီး ဆောင်ရွက်ရန်၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို ဆက်လက်အကောင်အထည် ဖော်ရန်တို့လည်း ပါရှိသည်။
မိုင်းလားအဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် ပဏာမသဘောတူညီချက်ရရှိခဲ့ခြင်းဖြစ် သည်။
မြန်မာအစိုးရသည် တရုတ်မြန်မာနယ်စပ်ရှိ အင်အားကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲဖြစ်သည် ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)နှင့်လည်း ပြီးခဲ့သည့် တနင်္လာနေ့က ဝပြည်နယ် ပန်ဆန်းမြို့၌ ပြည်ထောင်စု အဆင့် ငြိမ်းချမ်း ရေး သဘောတူညီချက် ရယူခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
အစိုးရကိုယ်စားလှယ်များကို တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း၊ မြစ်ကြီးနား မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် တို့ကဦးဆောင်ပြီး သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်သိမ်း၊ ဒုတိယ ဝန်ကြီးများ၊ ဒုတိယ ရှေ့နေချုပ်နှင့် အဖွဲ့ဝင်များလည်း ပါရှိကြောင်း သိရသည်။
တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးနိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက“တကယ်ကို တိုင်းပြည်အတွက် ထူးခြားတဲ့ စာချုပ် မဟုတ်ပါဘူး၊ စစ်မှန်တဲ့ ဖြေရှင်းမှုမျိုးလည်း မဟုတ်ဘူး”ဟု ပြောသည်။
စစ်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်ကလည်း ယခုစာချုပ်ကဲ့သို့ အလားတူစာချုပ် ချုပ်ဆိုခဲ့ဖူးကြောင်း၊ သို့သော်လက်တွေ့တွင် ဒေသ ဖွံ့ဖြိုးမှုထက် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာသည့် အကျိုးဆက်သာ ဖြစ်ခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။
အစိုးရသည် တိုင်းရင်းသား ဒေသများတွင် ငြိမ်းချမ်ေးရးတည်ဆောက်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သော ဝန်ကြီးဟောင်းများပါဝင်သည့် ငြိမ်းချမ်ရေးတည်ဆောက်မှုအဖွဲ့များကို ဖွဲ့စည်းကာ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) အဖွဲ့ ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မွန်ပြည် သစ် ပါတီ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ကလို့ထူးဘော အဖွဲ့ တို့နှင့်ဆွေးနွေးပွဲများ ဆက် တိုက် ဆိုသကဲ့သို့ ပြုလုပ်နေသည်။
ဒီဇင်ဘာ၂ရက်နေ့က ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S)နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့သည်။
ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် အစိုးရကိုယ်စားလှယ်များဖြစ်သည့် ရထားဝန်ကြီး ဦးအောင်မင်း၊ ဆက်သွယ်ရေး ဝန်ကြီးဟောင်း မြစ်ကြီးနားမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း၊ ကချင်ပြည်နယ် အမျိုးသား လွှတ်တော်အမတ် ဦးခက်ထိန်နန်တို့ တရုတ်ပြည် ရွှေလီမြို့တွင် ပြီးခဲ့သည် နိုဝင်ဘာ ၃၀ ရက်နေ့က အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။
သို့သော် လက်ရှိအခြေအနေတွင် ကချင်ပြည်နယ်၌ ဆက်လက်၍ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။