အိမ်ခြေ ၂၂၀ ကျော် ပျက်စီးပြီး လူတထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သော ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှုမှ မီးဘေးဒုက္ခသည်များ အတွက်အကူအညီများ စတင်နေပြီး အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
ဒုက္ခသည်များကို ခိုလှုံခွင့်ပေးထားသည့် မဟာဝိဇယရာမ ကျောင်းတိုက်မှ ဆရာတော်က “သူတို့ခမျာ ပစ္စည်းတွေက ဘာမှပြန်မရ၊ အဝတ်တထည် ကိုယ်တခုနဲ့၊ ငိုယိုနေကြတာ။ စားစရာ၊ သောက်စရာ၊ အဝတ်အစား၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အားပေးမှုတွေ အများကြီးလိုနေတယ်။ လိုအပ်တာတော့ အကုန်ပဲ။ ဘာဆို ဘာမှကို မရှိတာ။ ဘုန်းကြီးကျောင်းထဲမှာရော၊ ကျောင်းအပြင်ဖက်တွေမှာရော နေရာချထားပေးရတယ်” ဟု ဧရာဝတီသို့ မိန့်သည်။
အဆိုပါကျောင်းတိုက်တွင် မီးဘေးသင့်ပြည်သူ ၁၂၀၀ ခန့်ကို ယာယီနေရာချထားပေးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှုအထောက်အကူပြု အဖွဲ့အပါအဝင် တခြားလူမှုရေး အဖွဲ့အစည်းများ၊ ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်အဖွဲ့များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ထူးကုမ္ပဏီမှ ကူညီမှုများ လာရောက် လုပ်ဆောင်ပေးနေသည်ဟု သိရသည်။
“ဒုက္ခသည်တွေထဲမှာ နည်းနည်းပါးပါး ဒဏ်ရာရတဲ့သူတွေလည်း ပါတယ်။ သိပ်ပြီး ဒဏ်ရာမသည်းတဲ့သူတွေကို ကျောင်းဆောင်တဆောင်မှာ ထားပြီး ကုသပေးနေတယ်” ဟု ကယ်ဆယ်ရေး လုပ်နေသည့် NLD အဖွဲ့ဝင် လူငယ်တဦးက ပြောသည်။
ယနေ့ နံနက် ၂ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ အေဘီစီ စက်ဆန်းရှိ ကုန်လှောင်ရုံများ မီးလောင်ပေါက်ကွဲမှုကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်ခြေများ ပြိုကျပျက်စီးပြီး ပေါက်ကွဲမှုအရှိန်ဖြင့် လွင့်စင်လာသော အပိုင်းအစများ ထိမှန်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူများ ရှိခဲ့သည်။
ဒဏ်ရာရသူ ၉၀ ကျော်အနက် ဒဏ်ရာ အလွန်ပြင်းထန်သူများလည်း ပါဝင်နေသောကြောင့် သေဆုံးသူဦးရေ တိုးလာမည်ကို စိုးရိမ်ရကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ဆိုသည်။
လျှပ်စစ်ပစ္စည်းများ သိုလှောင်ရာ ကုန်လှောင်ရုံအမှတ် ၈၀ မှ စတင်လောင်ကျွမ်းပြီး ယမ်းစိမ်း၊ ကန့်၊ ဇဝက်သာ စသည့် မီးလောင်ပေါက်ကွဲလွယ်သည့် ပရဆေးပစ္စည်းများ သိုလှောင်ရာ ကုန်လှောင်ရုံအမှတ် ၇၉ သို့ မီးကူးကာ ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း၊ ဝန်းအတွင်းရှိ ကုန်လှောင်ရုံ ၄၂ အနက် ၁၆ လုံး မီးလောင်ပျက်စီးပြီး ကျန်ကုန်လှောင်ရုံများလည်း ပေါက်ကွဲမှုအရှိန်ဖြင့် ပျက်စီးခဲ့ကြောင်း၊ အနီးရှိဆိပ်ကမ်းတွင် ကပ်ထားသော သင်္ဘောနှစ်စီးလည်း ပျက်စီးခဲ့ကြောင်းနှင့် ဆုံးရှုံးမှု ကျပ်သိန်း တထောင်နီးပါးရှိမည်ဟု ခန့်မှန်းကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“မီးလောင်ရတဲ့ အကြောင်းရင်းမြစ်ကိုတော့ မသိရသေးပါဘူး။ အသေးစိတ် အခြေအနေတွေကို လူကြီးတွေက စုံစမ်းစစ်ဆေးနေတုန်းပါပဲ” ဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
သေဆုံးသူများတွင် တာမွေ မီးသတ်စခန်းမှ မီးသတ်ရဲဘော် ၅ ဦး၊ အရပ်သား ၁၂ ဦးပါဝင်ပြီး ဒဏ်ရာရသူ ၉၁ ဦးတွင် မီးသတ်ရဲဘော် ၃၇ ဦး ပါဝင်ကြောင်း၊ ဒဏ်ရာရသူများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း၊ အိမ်ထောင်စု ၂၂၆ စုနှင့် လူဦးရေထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
မီးလောင်မှုဖြစ်ပွားသည့် ဂိုဒေါင်များမှာ ပုဂ္ဂလိကသို့ လွှဲပြောင်းထားသော ကုန်ပစ္စည်းသိုလှောင်ရုံများဖြစ်ကြောင်း အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြားသတင်းက သတင်းထုတ်ပြန်သွားသည်။
ဆက်စပ်သတင်း