ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြဝတီ တံတား ပြန်ဖွင့်သည်မှာ တလနီးပါးကြာမြင့်ချိန် အထိ ရေထွက်ကုန်ပစ္စည်း တမျိုးသာ သွင်းကုန်ထုတ်ကုန် လိုင်စင်ရရှိပြီး တရားမဝင်ကုန်သွယ်မှုဖြင့်လည်း ဆက်လက်လုပ်ကိုင် နေကြကြောင်း မြန်မာ ကုန်သည်များက ပြောသည်။
မြန်မာနိုင်ငံ မြဝတီမြို့မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘက်သို့ ငါး၊ ပုစွန် ၊ ကဏန်း စသည့် မြန်မာ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် တရားဝင်နှင့် တရားမဝင်သည့် နည်းလမ်း နှစ်မျိုးစလုံး ကုန်သွယ်မှု ပြုနေကြရသည်ဟု မြန်မာ ရေချိုပုစွန်ထုပ် ကုန်သည် တဦးက ပြောဆိုသည်။
“ဒီလဆန်း ၅ ရက်နေ့ မြန်မာဘက်က တံတားပြန်ဖွင့်ပြီးတာနဲ့ မကြာဘူး ငါး၊ ပုစွန်၊ ကဏန်းတွေကို ချစ်ကြည်ရေးတံတားပေါ်ကနေ ထိုင်းဘက်ကို ပို့တယ်၊ ဒါပေမယ့် ကုန်သည်တွေကတော့ အကျိုးအမြတ်ပိုရတဲ့ တရားမဝင်နည်းနဲ့ တွဲပြီးလုပ်နေကြရ တယ်၊ တရားဝင်ကြီးပဲ ဆိုရင်တော့ အကျိုးအမြတ်က နည်းတယ်၊ ရထားတဲ့ လုပ်ငန်းလိုင်စဉ်လေးအတွက် ထိန်းပြီးလုပ်နေ ရတယ်”ဟု ၎င်းက ဆိုသည်။
မြန်မာရေထွက် ပစ္စည်းများ ထိုင်းနယ်စပ်သို့ တရားဝင် တင်ပို့သူများမှာ နယ်စပ်ကုန်သွယ်ရေးဇုန်မှ တဆင့် အခွန်ဆောင်၍ ပို့ကြရကြောင်း၊ တချို့မှာ ရန်ကုန်တွင်အခွန်ပေးဆောင်ပြီး ရန်ကုန်မှတဆင့် မြဝတီ သို့ မျှောစာများဖြင့်သယ်၍ တင်ပို့သည်
များလည်းရှိကြောင်း၊ တရားမဝင် တင်ပို့သူများမှာ အခွန်ဆောင်စရာမလိုသည့်အတွက် အကျိုးအမြတ်ပိုမိုရရှိခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ ပုစွန်ပို့ကုန် လုပ်ငန်းပိုင်ရှင် ကိုအောင်က ပုစွန်ထုပ်ဆိုက်ကြီး ၃-၄ အမျိုးအစားကို ထိုင်း နိုင်ငံသို့ တင်ပို့ပါက ယခင်က တကီလိုလျှင် အမေရိကန်ဒေါ်လာ ၁၀.၄၅၅ ဒေါ်လာ သတ်မှတ်နှုန်းနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သို့ အခွန် ပေးဆောင်ရသည်ဟု ပြောပြသည်။
“အခု မြဝတီတံတား ပြန်ဖွင့်ချိန်ကစပြီး သတ်မှတ်ချက် ပုစွန် တကီလိုရဲ့၂ ရာခိုင်နှုန်းပဲ ပေးရတော့တဲ့အတွက် အခုဆိုရင် နယ်စပ် ကုန်သွယ်ရေးမှာ ပုစွန် တကီလို ကို အမေရိကန်ဒေါ်လာ ဝ.၂၀၉၁ ပဲ ပေးဆောင်ရပါတယ်”ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ လဆန်း ၁၀ ရက်ခန့်ကစ၍ မြန်မာ ရေထွက်ပစ္စည်းများကို မဲဆောက်ဘက်သို့ တရားဝင် တင်ပို့သည့် ပမာဏမှာ တရက်ခြား ၁၅ တန် ခန့်ရှိကြောင်း၊ တရားမဝင်နည်းဖြင့် ချစ်ကြည်ရေးတံတားဘေး ဝဲယာရှိ လှေဆိပ်များမှတဆင့် တင်ပို့မှု မှာ တရက်ခြား ၁၀ တန်ခန့်ရှိကြောင်း မြန်မာ ရေချိုပုစွန်ထုပ် ကုန်သည်က ပြောပြသည်။ ပုစွန် တတန်လျှင် ကီလို ၁၀၀၀ အလေးချိန် ရှိသည်။
မဲဆောက်ရှိ မြန်မာ ရေထွက်ပစ္စည်း လက်ကားဖြန့်ချိသည့် ထိုင်းပွဲရုံပိုင်ရှင် နိုင်ပေါရမ်းချိုင်း ကလည်း အဆိုပါနည်းလမ်း ၂ မျိုး စလုံးဖြင့် ကုန်သွယ်မှုပြုခဲ့သည်မှာ ၁၅ နှစ်နီးပါး ရှိပြီဟု ပြောသည်။
“မြန်မာနိုင်ငံရဲ့ကုန်သွယ်ရေးစနစ်က ကုန်သည်တွေအတွက် တိကျတဲ့အာမခံချက်မရှိဘူး၊ ကုန်သည်တွေလည်း အခွင့် အရေး ရခိုက် လုပ်နေရတဲ့ အခြေအနေ၊ အခုတက်တဲ့ မြန်မာအစိုးရရဲ့ လုပ်နည်းလုပ်ဟန် ပြောင်းလဲသွားမယ် ဆိုရင်တော့၊ ကုန်သည်တွေရဲ့ဘ၀ တိုးတက်လာမှာဖြစ်သလို မသမာမှုနဲ့ကုန်သွယ်တဲ့နည်းလည်း အလိုအလျောက် ပျောက်သွားမှာဖြစ် တယ်၊ အဲဒီလိုမှ မဟုတ်ရင်တော့ နယ်စပ်ကုန်သွယ်ရေးမှာ အရင်ကလိုပဲ ထိုင်းဘက်က အသာစီး ရနေဦးမှာဖြစ်တယ်”ဟု လည်း ၎င်းက ဆိုသည်။
ထိုင်းနှင့် မြန်မာ တရားဝင်နယ်စပ်ကုန်သွယ်ရေး လုပ်သူများသည် သွင်းကုန်ထုတ်ကုန်လိုင်စင် လုပ်ရကြောင်း၊ ယင်း လိုင်စင် ရရှိရန်မှာ နှစ်ပတ်ခန့် ကြာမြင့်မည်ဟု မြန်မာအာဏာပိုင်များက ပြောဆိုသော်လည်း တံတားပြန်ဖွင့်ပြီးသည့်ရက်မှ ယနေ့အထိ လိုင်စင် မရကြသေးကြောင်း ကုန်သည်များက ပြောဆိုသည်။
လက်ရှိ မဲဆောက်-မြဝတီနယ်စပ်ကုန်သွယ်ရေး တွင် မြန်မာဘက်မှ ရေထွက်ကုန်အပါအဝင် လယ်ယာထွက်ကုန်၊ သစ်တော ထွက်ကုန်နှင့် ချည်ထည်အမျိုးမျိုးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် နားလည်မှုယူကာ တရားမဝင်တင်ပို့လျက် ရှိသည်။
ထိုင် းစားသောက်ကုန်များကို ယနေ့အထိ မြန်မာဘက် တရားဝင်တင်သွင်းနိုင်ခြင်း မရှိသေးကြောင်း၊ မြန်မာ အာဏာပိုင်များက ကန့်သတ်ထားသည့် ထိုင်းစားသောက်ကုန်ပစ္စည်း ၁၅ မျိုးကိုလည်း နေ့စဉ်ခိုးသွင်းကာ ပြည်တွင်းဈေးကွက် အသီးသီးသို့ မြဝတီ မှတဆင့် တင်ပို့လျက်ရှိကြောင်း သိရသည်။
ပိတ်ပင်ထားသည့် ထိုင်းစားသောက်ကုန် ၁၅ မျိုးအနက် ၅ မျိုးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အကန့်အသတ်ဖြင့် ယခုလ ၉ ရက်နေ့က စတင်၍ တင်သွင်းခွင့်ပြုမည်ဖြစ်သည့်အတွက် မြန်မာကုန်သည်များ လုပ်ငန်း လိုင်စင် လျှောက်ထားနိုင်ကြောင်း ကြေညာထားသော်လည်း စိတ်ဝင်စားသူ နည်းပါးနေသည်ဟု ရန်ကုန်မြို့မှ ကုန်သည်ကြီး ဦးယူနွတ်ဘိုင် က ပြောသည်။
“လုပ်ငန်းလိုင်စင်လျှောက်ရင် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ FDA ရဲ့ထောက်ခံချက်ယူရမယ်၊ ပြီးရင်အခြား ကန့်သတ် ချက်အဆင့်တွေ အများကြီးရှိသေးတယ်ဆိုတော့၊ အခုလိုပဲ မဲဆောက်ကနေ စိတ်ကြိုက် ထိုင်းပစ္စည်းတွေကို နား လည် မှုနဲ့တင်သွင်းတာက ပိုပြီးအဆင်ပြေတယ်၊ ဒီနည်းကို မြန်မာကုန်သည်တွေ လုပ်လာတာ ၁၅ နှစ်ကျော်ပြီ”ဟု ၎င်းက ဆိုသည်။
မြန်မာဘက်မှ အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုမည့် ထိုင်းစားသောက်ကုန် ၅ မျိုးမှာ အချို မှုန့်၊ အချိုရည်၊ ဘီစကစ် မျိုးစုံ၊ စည်သွတ်ဘူး မျိုးစုံနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် တရားဝင်ကုန်သွယ်ရေး ဖွင့်လှစ်ထားစဉ်ကာလအတွင်း ထိုင်းကုန်ပစ္စည်းများ မြန်မာဘက်တင်ပို့သည့် ပမာဏမှာ တလလျှင် ထိုင်းဘတ်ငွေ သန်း ၃၀၀၀ ခန့်ရှိသည်ဟု ထိုင်းကုန်သည်ကြီးများ အသင်း၏ စာရင်းများအရ သိရှိရ သည်။
မြန်မာနိုင်ငံ၏ ၂၀၀၉-၂၀၁၀ ဘဏ္ဍရေးနှစ်တွင် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးပမာဏမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၃၉.၂၂၁ သန်းဖြစ်ပြီး သွင်းကုန်မှာ အမေရိကန် ဒေါ်လာ ၁၃၅.၄၂၈ သန်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
မြန်မာအစိုးရက လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ်ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ဒုတိယ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး ဖြစ်သည့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားကို တနှစ်ခွဲနီးပါး ပိတ်ထားခဲ့ ပြီး ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
တံတားဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တရားဝင် ကုန်သွယ်မှုပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် ဒေသအတွင်း တရားမဝင်ကုန်သွယ်မှုများ လျှော့နည်းသွားစေ မည်ဟု ပြောခဲ့သော်လည်း လက်ရှိတွင် မြန်မာနှင့်ထိုင်း နှစ်ဘက်ကုန်သည်များ တရားမဝင်ကုန်သွယ်မှု အပြန်အလှန်ပြုလုပ်နေသည့် ပမာဏမှာ တံတားပိတ်ထားသည့် ကာလထက် ပိုများသည်ဟု ကုန်သည်များက ပြောသည်။