အစိုးရတပ်များ၏ ၅ ရက်ကြာ ထိုးစစ်ဆင်မှုနှင့် ရင်ဆိုင်နေရသည့် ရှမ်ပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ တပ်မဟာ ၄ထိန်းချုပ်ဒေသမှ နမ့်လတ် တပ်စခန်း တခုကို ဆုတ်ခွာပေး လိုက်ရကြောင်း သိရသည်။
အစိုးရတပ်၏ ၁၂၀၊ ၈၁ မမ အမြောက်များနှင့် ပစ်ခတ်သည့် ဒဏ်ကို မခံနိုင်သောကြောင့် ဆုတ်ပေးခြင်း ဖြစ်သည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
“သူတို့ လက်နက်ကြီးနဲ့ ပစ်တာ ခပ်စိတ်စိတ် ဖြစ်လာတဲ့ အခါမှာ ကျနော်တို့ ရဲဘော်တွေ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အတွက်ကြောင့် အဲဒီ စခန်းကနေ ဖယ်ပေးလိုက်တယ်”ဟု ၎င်းက ဆိုသည်။
KIA တပ်စခန်းကို သိမ်းပိုက်နိုင်ရန် အတွက် အစိုးရတပ်၏ ခြေလျင်တပ်ရင်း အမှတ် ၆၈၊ ၅၀၇ တပ်ရင်းမှ စစ်သည် အင်အား ၂၀၀ ကျော်ဖြင့် ပြီးခဲ့သည့် အပတ် ၂၄ ရက်နေ့ ညနေပိုင်းမှ စတင်၍ ၂၈ ရက်နေ့ အထိ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အစိုးရဘက်ကတော့ ဒါကို အရေးကြီးတဲ့ နေရာလို့ သူတို့ သတ်မှတ်ပုံ ရတယ်၊ ဘာကြောင့်လဲ ဆိုတော့ အဲဒီ လမ်းကြောင်း ဘက်ကနေပြီး ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းဟာ အဲဒီဘက်က ဖြတ်သွားဖို့ အစီအစဉ် ရှိတယ်၊ ကြည့်ရတာ သူတို့ အဲဒီဘက်ကို ရေနံနဲ့ ပိုက်လိုင်း စီမံကိန်း အတွက် အဲဒီစခန်းကို ဝင်တိုက်တယ်လို့ မြင်တယ်”ဟု ဦးလနန်က ဆက်ပြောသည်။
တိုက်ပွဲများတွင် လတ်တလော ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို မသိရှိရသေး သော်လည်း အစိုးရ၏ လက်နက်ကြီး ဒဏ်ကြောင့် KIA တပ်ဖွဲ့ဝင် ၅ ဦး မူးဝေသည့် ဝေဒနာ ခံစားရကြောင်း ၎င်းက ဆိုသည်။
အစိုးရတပ်က သုံးခဲ့သည့် လက်နက်ကြီးများတွင် ဓာတုပစ္စည်း ပါဝင်နိုင်သည်ဟု ဦးလနန်က ပြောသည်။ ၎င်း၏ ပြောဆိုချက်အား သီးခြား အတည်မပြု နိုင်သော်လည်း ဧရာဝတီမှ မကြာသေးမီက ရရှိခဲ့သော ဓာတ်ပုံမှတ်တမ်းများ အရ KIA တပ်ဖွဲ့ တချို့ စစ်မြေပြင်တွင် ဓာတ်ငွေ့ကာ မျက်နှာဖုံးများ တပ်ဆင်၍ တိုက်ပွဲဝင်နေကြသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့က နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ကမ်းလှမ်းမှုနှင့် ပတ်သက်၍ KIA က ဆွေးနွေးလိုကြောင်းလည်း မကြာခင် ရက်ပိုင်းအတွင်း စာပြန်ထားကြောင်း သိရသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ ဦးအောင်သောင်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့နှင့် KIO ခေါင်းဆောင်များ နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။
ယခုနှစ် ဇွန်လမှစတင်၍ အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် KIA ထိန်းချုပ်ရာ လိုင်ဇာဒေသ တဝိုက်၌ ဒုက္ခသည် ၃၄၀၀၀ ကျော်ရှိပြီး ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုင်ဂျာယန် စသည်တို့ တွင်လည်း ဒုက္ခသည်များ ထပ်မံ တိုးပွားလာကြောင်း သိရသည်။
KIA သည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။ အပစ်ရပ်ပြီး နောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လတွင်စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်း ဖြစ်သည်။