ရုပ်ရှင်သရုပ်ဆောင်များ ပါဝင်ကပြသည့် မုဒိတာလွင်ပြင် အငြိမ့် VCD သည် ရန်ကုန်မြို့ ခိုးကူးခွေဈေးကွက်တွင် အရောင်းသွက်နေပြီး ဝန်ကြီးတဦးကပင် ဝယ်ယူ အားပေးခဲ့သည်ဟုသိရသည်။
“ခိုးကူးတွေ တအား အလုပ်ဖြစ်ကြတယ်။ နောက်ဆုံး ဝန်ကြီးတောင် မီးပွိုင့်မှာ သူ့ကို လာရောင်းလို့ တချပ် ဝယ်ခဲ့သေးတယ် တဲ့” ဟု မုဒိတာလွင်ပြင်၏ ဖန်တီးရှင် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဧရာဝတီကိုပြောသည်။
လမ်းဘေး ခိုးကူး VCD အရောင်းဈေးသည်ထံမှ ဝယ်ယူအားပေးခဲ့သည့် ဝန်ကြီး၏ အမည်ကို မောင်မျိုးမင်းက ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။
ရန်ကုန်မြို့ ခိုးကူးဈေးကွက်သည် ဖမ်းဆီး နှိမ်နင်းခံရမှုနှင့် တခါတရံ ရင်ဆိုင်ရသော်လည်း ပုံမှန်လည်ပတ်လျက်ရှိသည်။
ခိုးကူးဈေးကွက်ရောက် မုဒိတာလွင်ပြင်သည် လူကြိုက်များသည့် ကိုရီးယားဇာတ်လမ်းတွဲများကိုပင် ကျော်တက်သွားပြီဟု ပရိသတ်တဦးက ဆိုသည်။
“လမ်းဘေး ခိုးကူးဆိုင်တွေမှာ ကြည့်လိုက်ရင် ကိုရီးယားခွေတောင် နောက်ရောက်ကုန်တယ်။ မုဒိတာလွင်ပြင် အငြိမ့်ခွေက တန်းစီနေတာပဲ။ ခိုးကူးတွေ တော်တော် အလုပ်ဖြစ်တယ်။ တအား ရောင်းရတယ်” ဟု ရန်ကုန်မြို့နေ ပရိသတ်တဦးက ဆိုသည်။
ဒီဇင်ဘာ ၄ ရက်နေ့က ကပြခဲ့သည့် မုဒိတာလွင်ပြင် အငြိမ့်ကို ဈေးကွက်တွင် ဖြန်ချိခြင်း မရှိသေးသော်လည်း MRTV4 ရုပ်သံလိုင်းက ထုတ်လွှင့်စဉ် ခိုးကူးခွေ လုပ်ငန်းရှင်တို့က ကူးယူထားခြင်း ဖြစ်ကြောင်း သိရသည်။
MRTV4 ထုတ်လွှင့်ချက်များတွင် ပြက်လုံးတချို့ကို ဆင်ဆာဖြတ်ထားသည်ဟု ဆိုသည်။
“အဲ့ဒါဟာ (MRTV4 က) အပြည့်ပြတာ မဟုတ်သေးဘူး။ သီချင်းပဟေဠိဆိုတဲ့ခွင် ဆိုရင် တခွင်လုံး ဖြတ်ပစ်တယ်” ဟု မောင်မျိုးမင်းက ပြောသည်။
သီချင်းပဟေဠိခွင်တွင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော လိုင်စင်မဲ့ကား၊ နိုင်ငံခြားငွေ တရားဝင် လဲလှယ်မှုတို့နှင့် ပတ်သက်ပြီး လူရွှင်တော်များ၏ သီချင်းဆို၊ ပြက်လုံးထုတ်မှုများ ပါဝင်သည်။
သီချင်းပဟေဠိသည် ပရိသတ် လက်ခုပ်သံ အများဆုံး ရရှိသည့် ခွင်ဖြစ်ပြီး ၎င်းလက်ခုပ်သံများကိုပါ စိစစ်ရေးက ဖြတ်တောက်ပြီးမှ ထုတ်လွှင့်ခြင်း ဖြစ်ကြောင်း ဟု မောင်မျိုးမင်းက ရှင်းပြသည်။
မင်းသမီး မိုးပြည့်ပြည့်မောင်၊ အေးမြတ်သူ၊ မိုးယုစံ၊ အိချောပို၊ လူရွှင်တော်များအဖြစ် ဝေဠုကျော်၊ မင်းမော်ကွန်း၊ ခန့်စည်သူ၊ နေမင်း၊ ကြက်ဖ နှင့် ပြေတီဦး တို့ ပါဝင်သော ထိုအငြိမ့်ကို ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ရန်ကုန်မြို့တွင် ကပြခဲ့ခြင်းဖြစ်သည်။
ဝန်ထမ်း၊ အရာရှိ၊ အောက်ခြေလူတန်းစား၊ အထက်တန်းလွှာ နှင့် တိုင်းပြည်တွင်း ဖြစ်ပျက်သော အခြေအနေကို ပွင့်ပွင့် လင်းလင်း မြင်သာစေရန် ပြက်လုံး ထုတ်ထားသည်ကို တွေ့ရသည်။
မုဒိတာလွင်ပြင်တွင် ပါဝင်သူများသည် အငြိမ့်လောကသားများ မဟုတ်သော်လည်း ၎င်းတို့၏ ကပြ တင်ဆက်မှုများကို သဘောကျသည်ဟု ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် ဗေဒါက ပြောသည်။
“ကောင်းတယ်လို့ ပြောရမှာပါ။ ဘာကြောင့် ပြောရတာလဲ ဆိုရင် သူတို့က လူရွှင်တော် အစစ်တွေတော့ မဟုတ်ဘူးပေါ့နော်။ သူတို့ အတိုင်းအတာအရ သူတို့ လုပ်သွားပေးတာကတော့ ကောင်းပါတယ်။ နောက် တချက်က ထိထိမိမိ ရှိတာလေးတွေ ပါတာလေးတွေလည်း ကောင်းပါတယ်” ဟု လူရွှင်တော် ဗေဒါက ပြောသည်။
ပရိတ်သတ် အားပေးမှုကို အလွန်ကျေနပ်မိသည်ဟု မုဒိတာလွင်ပြင် အငြိမ့်၏ ဒါရိုက်တာ မောင်မျိုးမင်းက ဆိုသည်။
“(ပရိသတ်က) အသိမ်းကို ပိုကြိုက်တယ်။ သူတို့ မထင်ထားဘူးပေါ့။ နောက် … သံချပ်ခွင်ကိုလည်း ကြိုက်ကြတယ်” ဟု မောင်မျိုးမင်းက ရှင်းပြသည်။
မုဒိတာလွင်ပြင် အငြိမ့် မတိုင်ခင် နှင်းဆီရင်ခွင်၊ နှင်းဆီသခင်၊ ထာဝရနှင်းဆီ၊ နှစ်သစ်နှင်းဆီ စသည့် မောင်မျိုးမင်း၏ အငြိမ့်များကို ပြည်တွင်း၊ ပြည်ပ ပရိသတ်များက နှစ်သက် အားပေးခဲ့ကြသည်။