အပြောင်းအလဲတွေ များတဲ့ မြန်မာနိုင်ငံတော်ကြီးမှာ ထပ်မံဖြစ်ထွန်းလာတဲ့ အပြောင်းအလဲ တခုကတော့ အလှမယ်ပြိုင်ပွဲဝင် စည်းကမ်းချက်များ ဖြစ်ပါတယ်။
မြန်မာ့အမျိုးသမီးများရဲ့ အလှအပ အားကစားတရပ်အနေဖြင့် ရပ်တည်လာခဲ့တဲ့ ခန္တာကိုယ် အချိုးအစား အလှ များကို ဖော်ထုတ်ပြသ ယှဉ်ပြိုင်ကြရသည့် ကာယအလှမယ် ရွေးချယ်ပြိုင်ပွဲများဟာလည်း ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းထဲ မျောပါလာပြီလို့ ပြောရမလိုပါ။
ဟိုတုန်းကတော့ ခန္တာကိုယ်အလှကို ဖော်ထုတ် ပြသ ယှဉ်ပြိုင်ကြတာပါ ဆိုပေမယ့် အမျိုးသမီးများက လည်ပင်းပိတ်ရင်စေ့အင်္ကျီ နဲ့ လုံချည်ရှည် ဝမ်းဆက်ဝတ်ပြီး ယှဉ်ပြိုင်ခဲ့ကြရတာပါ။
လာမယ့် ဇွန်လမှာ ပြုလုပ်မယ့် အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများက စတင်ပြီး ဘောင်းဘီတို့နဲ့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီလို့ မြန်မာနိုင်ငံ ကာယဗလနဲ့ ကာယအလှ အဖွဲ့ချုပ်က ဆိုလာပါပြီ။
အဝတ်အစားသာမက ဦးခေါင်းပိုင်း အပြင်အဆင်တွေနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်ကိုလည်း လျှော့ချပေးထားပါတယ်။
အရင်က ဆံထုံး ထုံးဖွဲပြီး ယှဉ်ပြိုင်ကြရတဲ့ ကာယအလှမယ်တွေဟာ အခုတော့ နှစ်သက်ရာ ဆံပင်ပုံစံနဲ့ ယှဉ်ပြိုင်နိုင်တော့မှာပါ။
ဒီလိုပြောင်းလဲလိုက်ခြင်းဟာလည်း မြန်မာ့ ကာယအလှမယ်များ နိုင်ငံတကာကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ အတွက်လည်း ရည်ရွယ်ပါတယ်လို့ ရန်ကုန်မှာ ထုတ်ဝေတဲ့ ဂျာနယ်များမှာ ဖော်ပြထားကြပါတယ်။
“ခေတ်နဲ့အညီပြောင်းတဲ့သဘောပေါ့ … အခုကတော့ ပိုပြီးမြင်နိုင်တာပေါ့” လို့ မြန်မာ အမျိုးသမီး စွမ်းဆောင်ရှင်အသင်း အကြံပေး နာယက ဒေါ်ရီရီမြင့်က ဧရာဝတီကို ပြောပါတယ်။
အပြောင်းအလဲများထဲကမှ ပျော့ပြောင်းတဲ့ ပြောင်းလဲသတ်မှတ်ချက် တခုလို့ မြင်မိတယ်၊ ကိုယ့်ယဉ်ကျေးမှု အနေအထား မပျောက်ပျက်ဘဲ ခေတ်နဲ့အညီ ပြောင်းလဲလာခြင်းဆိုရင် ကောင်းတယ်လို့ သူက ဆက်ပြောပါတယ်။
ဟိုခေတ်က ကာယအလှမယ်ရွေးချယ်ပြိုင်ပွဲတွေမှာ ဟိုခေတ် ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ကြပေမယ့် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း နိုင်ငံကို ကယ်တင်လိုက်ပြီးနောက်ပိုင်းမှာ မယ်ရွေးပွဲတွေ ယာယီရပ်ဆိုင်းခဲ့ရပါတယ်။
ပြန်လည် ခွင့်ပြုချက် ရချိန်မှာ အကျီလက်ပြတ်၊ လုံချည် ဝတ်ဆင် ယှဉ်ပြိုင်တဲ့ ကာယအလှမယ်ရွေးပွဲများ ပြန်လည်ပေါ်ပေါက်လာတာပါ။
တချိန်က မြန်မာ့အလှမယ် ဆိုတာဟာ နိုင်ငံတကာပြိုင်ပွဲကို ရောက်ခဲ့ဖူးပါတယ်။ အခုလို စည်းကမ်းချက်တချို့ ဖြေလျှော့ပေးတဲ့အတွက် နိုင်ငံတကာကို ဝင်တိုးဖို့ လွယ်သွားပြီလို့ ဆိုနိုင်မှာပါ။
ကဲ .. အနည်းငယ် ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ မြန်မာ့ကာယအလှမယ်လေးများလည်း မိမိတို့ရဲ့ ဘော်ဒီအလှကို လွတ်လပ်စွာ ပြသ ယှဉ်ပြိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း..
လွတ်လပ်ခြင်းပွဲတော်
သိပ်မကြာခင်က ပရိသတ်အကြား ရေပန်းစားသွားခဲ့တဲ့ ဒါရိုက်တာ ဝိုင်းရဲ့ ‘အဲဒီအခန်းဖြတ်’ ဇာတ်လမ်းတိုလေးဟာ စနေနေ့က အစပြုတဲ့ ‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော်ကနေ အပယ်ခံရပါတယ်။ ပြိုင်ပွဲမကျင်းပမီ အပြင်မှာ ပျံ့နေတဲ့ဇာတ်လမ်းဖြစ်လို့ ပယ်ပါတယ် တဲ့။
“စည်းမျဉ်းစည်းကမ်းနဲ့ ငြိတယ် ဆိုရင်တော့လည်း စည်းမျဉ်းစည်းကမ်းကို လေးစားရမှာပါ။ သို့ပေမယ့်လည်း ကျနော်ကိုယ်တိုင် လုပ်တာ မဟုတ်တဲ့အတွက် ကျနော့် အနေနဲ့ ချွင်းချက်တခုအနေနဲ့ ရှိနေပါတယ်။ အဲ့ဒါကိုလည်း သိအောင် တင်ပြထားပါတယ်” လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။
သူက ‘အဲဒီအခန်းဖြတ်’ ကို ဒီပွဲတော်အတွက် ရည်ရွယ်ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။ ဒီဇာတ်ကားတိုဟာ ဘယ်သူရဲ့ လက်ချက်မှန်းမသိရဘဲ အင်တာနက်ပေါ် ရောက်ရှိသွားပြီး လူကြိုက်များလွန်းတဲ့အတွက် Facebook, Youtube တို့ကနေ လက်ဆင့်ကမ်း ကြည့်ရှုခဲ့ကြတာပါ။
“ကျနော်အလေးအနက်ပြောချင်တာကတော့ ဒီဇာတ်လမ်းတိုကို ကျနော် ကိုယ်တိုင် youtube မှာ မတင်ဘူး ဆိုတာကို ရဲရဲဝံ့ဝံ့ ပြောချင်ပါတယ်။ ဒီဇာတ်လမ်းထဲက သရုပ်ဆောင်တွေနဲ့ ကျနော့ရဲ့ ဇာတ်လမ်းပေါ်မှာ ထားတဲ့ စေတနာတွေကို နည်းနည်းလေး စဉ်းစားပေးစေချင်ပါတယ်။ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ပရိသတ် အားလုံးကိုလည်း ကျနော် ကျေးဇူး အရမ်းတင်ပါတယ်”လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။
အင်တာနက်ခေတ်လူထုကြားထဲကို ‘အဲဒီအခန်းဖြတ်’ ဘယ်လို ပေါက်ကြားသွားပါလိမ့် ဆိုပြီး အံ့အားသင့်နေတဲ့ ဒါရိုက်တာ ဝိုင်းတယောက် ကံကောင်းပါစေလို့…။