ယနေ့ ၆၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ ကျင်းပတဲ့ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ဆန်ကာတင် ဇာတ်ကား ၅၄ ကားထဲကနေ ဇာတ်ကား ၅ ကားကိုဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဆုချီးမြှင့်လိုက်ပါပြီ။
အကောင်းဆုံး မှတ်တမ်းရုပ်ရှင် (Documentary film) ဆုကို ဒါရိုက်တာ စိုင်းကျော်ခိုင်ရဲ့ “Click In Fear” ဆိုတဲ့ ဇာတ်ကားက ရရှိပါတယ်။ အဲဒီဇာတ်ကားမှာ သတင်းထောက် တယောက်ရဲ့ အကြောက်တရားနဲ့ အမှန်တရားကို ထုတ်ဖော်ချင်စိတ်၊ ခရစ်ယာန်ဘာသာဝင်တယောက်က ဗုဒ္ဓဘာသာရဟန်းများရဲ့ သတ္တိနဲ့ ရဲရင့်မှုအပေါ် ထားတဲ့တန်ဖိုး၊ ဓာတ်ပုံသတင်းသမားတယောက်ရဲ့ အတ္တနဲ့ လူသားချင်း စာနာစိတ်အကြား လွန်ဆွဲမှုတို့ကို ၁၅ မိနစ်စာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အကောင်းဆုံး မှတ်တမ်းတို ရုပ်ရှင် (Short film) ဆုကို ဒါရိုက်တာမင်းသိုက်ရဲ့ “ကြိုး”၊ အကောင်းဆုံး Animation ဆုကို ဒါရိုက်တာ ဇော်ဘိုဘိုဟိန်းရဲ့ “Unity and Freedom”၊ အကောင်းဆုံး လူငယ် မျက်နှာသစ်ဆုကို အသက် ၁၉ နှစ်အရွယ် ဒါရိုက်တာ အောင်ဇော်မိုးရဲ့ “Still in the dark” တို့က ရရှိသွားပြီး ပရိသတ် အကြိုက်နှစ်သက်ဆုံး ဆုကိုတော့ ဖေ့စ်ဘုတ်ပရိသတ်တွေအကြား အလွန်ရေပန်းစားခဲ့တဲ့ ဒါရိုက်တာ ဝိုင်းရဲ့ “အဲ့ဒီအခန်းဖြတ်” ဇာတ်ကားက ရရှိသွားပါတယ်။
အက်တာနက်ပေါ်မှာ ကြိုတင်ပြန့်နှံ့မှုကြောင့် ပြိုင်ပွဲဝင်ခွင့် မပြုတော့ဘူးဆိုပြီး သတင်းထွက်ပေါ်ခဲ့တဲ့ “အဲ့ဒီအခန်းဖြတ်” ဇာတ်ကားဟာ ပရိသတ်များက ပေးတဲ့ မဲအရေအတွက်နဲ့ ဆုပေးအပ်တာ ဖြစ်ပါတယ်။
“ပရိသတ်တွေ မဲပေးတာကို ရွေးချယ်ပြီးတော့မှ ဆုပေးတာပါ။ မဲပေးတဲ့ အရေအတွက်က ၁၂၀၅၄ မဲရှိတဲ့ အထဲမှာ ဝိုင်းရဲ့ အဲ့ဒီအခန်းဖြတ် ဇာတ်ကားကို မဲပေးခဲ့တာက ၇၀၁၁ မဲ ရှိပါတယ်” လို့ ပွဲစီစဉ်သူတဦးဖြစ်တဲ့ ကိုဇာဂနာက ဧရာဝတီ ကိုပြောပါတယ်။
လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်မှာ ပြိုင်ပွဲဝင်ကားပေါင်း ၁၈၈ ကား ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး “ဒီလူတွေ လွတ်လပ်တဲ့ရုပ်ရှင် ဘယ်တုန်းကတည်းကများ ရိုက်ချင်နေပါလိမ့်လို့ တွေးမိပါတယ်။ အားလည်း တက်မိပါတယ်” လို့ ကိုဇာဂနာက သူရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
ကိုဇာဂနာက လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်ရဲ့ ဆုပေးပွဲအခမ်းအနားမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သီးလေးသီးအဖွဲ့နဲ့အတူ စင်ပေါ်ကနေ အငြိမ့်နဲ့ ဂုဏ်ပြုချင်ပေမယ့် အခု သူငယ်ချင်းတွေ လွတ်မလာလို့ စိတ်မကောင်းဖြစ်မိကြောင်းလည်း ပြောပါတယ်။
“တကယ်က ခေါင်းစဉ်တောင်ပြောင်းချင်တယ်။ လွတ်မလာခြင်း အနုပညာရုပ်ရှင်ပွဲတော်လို့တောင် ပြောင်းချင် တယ်။ ကျနော့်သူငယ်ချင်းတွေ တယောက်မှမလွတ်လာဘူး။ အမှန်ကတော့ လွတ်လာတဲ့ ကျနော့် သူငယ်ချင်းတွေကို စင်ပေါ်ကနေ အငြိမ့်ကပြီးတော့ ဂုဏ်ပြုချင်တာဗျ။ အခုတော့ မကပြနိုင်တော့ဘူးပေါ့ဗျာ” လို့ ကိုဇာဂနာက ပြောပါတယ်။
လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်စင်တာမှာ ကျင်းပပြီး ဆုရဇာတ်ကားတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချီးမြှင့်ပါတယ်။ ဆုပေးပွဲအပြီးမှာ ကိုဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဂေါ်ဇီလာတို့နဲ့အတူ သီးလေးသီးအဖွဲ့သားများဖြစ်တဲ့ စိန်သီး၊ ကြယ်သီး၊ ပန်းသီး၊ ဇီးသီးနဲ့ မင်းသမီး ချောစုမျိုး၊ မြစံပယ်ငုံ၊ သစ်သစ်လွင်တို့က အငြိမ့်နဲ့ ဖျော်ဖြေတင်ဆက်ပါတယ်။