ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများသည် ခွင့်ပြုချက်မရဘဲ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သတင်းပေးဖြေကြားမှု ပြုလုပ်ပါက ထိရောက်စွာ အရေးယူခံရမည်ဟု ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

လာဘ်ပေး လာဘ်ယူမှု ဆိုင်ရာ သတင်းများ၊ မသမာမှုများ ဖော်ထုတ်စုံစမ်း စစ်ဆေးသည့် သတင်းများနှင့် ဌာနတွင်း သတင်းအချက် အလက်များ ပေါက်ကြားပါက အစိုးရ လျှို့ဝှက် အက်ဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ထားကြောင်း အကောက်ခွန် ဦးစီးဌာန ဝန်ထမ်းတဦးက ပြောသည်။
အကောက်ခွန်ဦးစီးဌာနတွင် ဝန်ကြီးမှအစ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး အပါအဝင် အငယ်တန်း အရာရှိများအထိ သိန်း ရာထောင်ချီ လာဘ်ငွေယူပြီး တရားမဝင် ကားတင်သွင်းမှုများတွင် ပါဝင်ပတ်သက်ကြောင်း အဂတိ လိုက်စားမှုများကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လဆန်းနှင့် အောက်တိုဘာလ များအတွင်း ဧရာဝတီက ထုတ်ဖော် ရေးသားခဲ့သည်။
အဆိုပါသတင်း ပေါက်ကြားမှုသည် ဌာနတွင်း ဂယက်ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ် ထွက်ပြေးတိမ်းရှောင်သည်အထိ ဖြစ်ပေါ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းက ဌာနတွင်း သတင်းများကိုပြင်ပ သို့ ထုတ်လျှင် အစိုးရ၏ လျှို့ဝှက် အက်ဥပဒေ အရ အရေးယူမည်ဟု ပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဌာနတွင်းက သတင်းတွေ အပြင်ကို ထုတ်တာက အစိုးရလျှို့ဝှက် အက်ဥပဒေ ချိုးဖောက်တာပဲ၊ အဲဒီ ဥပဒေနဲ့ အရေးယူမယ်ပေါ့၊ အစည်းအဝေးခေါ် သတိပေးတာမျိုးမဟုတ်ဘဲနဲ့ နှုတ်မိန့်နဲ့ တဦးချင်းစီကို ညွှန်ကြားတာမျိုး၊ အဲဒီလို သတိပေးတယ်ဆိုတဲ့ သတင်း ကို ထပ်ပြီး သတင်းမီဒီယာတွေ ရောက်သွားမှာလည်း ကြောက်ပုံရတယ်”ဟု ရန်ကုန် အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် ရုံးမှ အရာရှိ တဦးက ပြောဆိုသည်။
ရန်ကုန်ဆိပ်ကမ်းမှ တရားမဝင်ကားတင်သွင်းမှုများကို အကောက်ခွန်ဦးစီးဌာနမှ အရာရှိကြီးများ အပါအဝင် ဝန်ထမ်း ၆၀ ကျော် ပါဝင်ပတ်သက်ခဲ့သော်လည်း အရေးယူမှုမရှိဟူသော သတင်းအား ဧရာဝတီက ဒီဇင်ဘာ လဆန်းက ဖော်ပြခဲ့ရာ နိုင်ငံတော် သမ္မတ ရုံး အထိ ဂယက်ရိုက်ခဲ့ကြောင်းလည်း သိရှိရသည်။
“စသုံးလုံးက အကောက်ခွန်ဦးစီးဌာနမှာ ဒုတိယအကြိမ် လာစစ်တာတွေ လုပ်နေတယ်၊ လာဘ်စားမှုပါတဲ့ အရာရှိတွေကို ခေါ်ထုတ် စစ်ဆေးတာမျိုး ရှိတယ်၊ ဒါပေမယ့် အရေးယူတာမျိုးတော့ မရှိသေးဘူး၊ အစစ်ခံရတဲ့ အရာရှိတွေကလည်း အလုပ်ဖြုတ်မခံရဘူး၊ နဂိုရှိရင်းစွဲရာထူးမှာပဲ ဆက်ပြီး လုပ်လို့ရတယ်၊ အရေးယူမှုက ရာထူးမတိုး၊ ရာထူးချ ၊ ဌာနရွှေ့ ပြစ်ဒဏ်မျိုးလောက်ပဲ ပေးမယ့်ပုံရှိတယ်၊ ရာထူးဖြုတ် ထောင်ချတာမျိုးလုပ်မယ်ဆိုရင် ဝန်ကြီးကအစ လွတ်မှာမဟုတ်ဘူး”ဟု အကောက်ခွန် ရှင်းလင်းရေး ဝန်ဆောင် မှု များအသင်းမှ တာဝန်ရှိသူတဦးက ပြောပြသည်။
အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စသုံးလုံး) က လာဘ်ပေးလာဘ်ယူမှုနှင့် စပ်လျဉ်းသော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသော် လည်း အကောက်ခွန်ဦးစီးဌာနတွင် လာဘ်ပေးလာဘ်ယူမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟုလည်း သိရှိရသည်။
“အစစ်ခံနေရတဲ့ သူတွေကလည်း အစစ်ခံနေရတယ်၊ အခြားတဖက်မှာလည်း လာဘ်စားတဲ့ သူက ဆက်စားတယ်၊ တကယ်လို့ အပြစ် ရှိကြောင်းတွေ့လို့ ထောင်ကျသွားခဲ့ရင်တောင် မိသားစုတွေ ချမ်းချမ်းသာသာနဲ့ နေနိုင်တဲ့ အခြေအနေမျိုးအထိ ရောက်အောင်
အရာရှိတွေက စီးပွားရှာနေကြတယ်၊ အဲဒါကြောင့်လည်း မကြောက်ကြတာဖြစ်နိုင်တယ်”ဟု အကောက်ခွန်ဦးစီးဌာနနှင့် ဆက်သွယ် လုပ်ကိုင် နေသော ပို့ကုန် သွင်းကုန် ကုမ္ပဏီပိုင်ရှင် တဦးက ပြောဆိုသည်။
၂၀၀၆ ခုနှစ်ကလည်း လာဘ်ပေးလာဘ်ယူမှုဖြင့် အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး အပါအဝင် အကောက်ခွန် ဝန်ထမ်း ၆၀၀ ကျော်ကို ဖမ်းဆီးထောင်ချမှု ဖြစ်ပွားခဲ့သည်။
ဆက်စပ် သတင်းများ