ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ထပ်မံ ဆွေးနွေးရန် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) နှင့် အစိုးရ ကိုယ်စားလှယ် များ ယခုလ တတိယ အပတ်၌ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်တွေ့ဆုံကြမည် ဖြစ်သည်။
တွေ့ဆုံပွဲတွင် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်မည် ဖြစ်ပြီး SSA-S ဘက်က ကိုယ်စား လှယ် ၁၀ ဦးခန့် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် အစိုးရက ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်ကို ဖိတ်ကြားထားသော်လည်း မဆုံဖြတ်ရသေးကြောင်း SSA -S ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ လွတ်လပ်စွာဖြေရှင်းရေး၊ ဗဟို နယ်မြေဒေသ သတ် မှတ် ပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ လုပ်ဆောင်နိုင်ရေး၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရနှင့်အတူ ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စသည့် အချက်များကို အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ နေရာ ပြန်လည်ချထားရေးအတွက် ဗဟိုနယ်မြေဒေသကို သတ်မှတ်ပေးစေလိုတဲ့ ဆန္ဒနဲ့ ခေါင်းစဉ်ထားပါတယ်”ဟု စိုင်းလောင်ဆိုင်း က ဆက်ပြောသည်။
ရှမ်းပြည်နယ် တောင်ကြီး၊ ခိုလန်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်မြို့နယ်များကို SSA-S ၏ နယ်မြေဒေသ အဖြစ် သတ်မှတ် ပေးရေး အတွက် ဆွေးနွေးမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဇန်နဝါရီလ ၁ ရက်နေ့က တောင်ကြီးမြို့တွင် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုး ပါဝင်သည့် ကိုယ် စားလှယ် အဖွဲ့များနှင့် နောက်ဆုံး တွေ့ဆုံခဲ့ပြီး ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ၂ ရက်နေ့က အစိုးရနှင့် SSA-S အဖွဲ့ ကိုယ်စားလှယ်များ တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ရထားဝန်ကြီး ဦးအောင်မင်းနှင့် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီးဦး ခင်မောင်စိုးတို့က သက်သေခံ အနေနှင့် လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။
ယခုလအတွင်း၌ပင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ချင်းအမျိုးသား တပ်ဦး(CNF) တပ်ဖွဲ့မှ ကိုယ်စားလှယ် တချို့တို့ကို အစိုးရက တွေ့ဆုံရန် ပြင်ဆင်ထားကြောင်း သိရသည်။
SSA-S တပ်က ယခင် မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မယူရသေးသည့် တိုင်းရင်းသားတပ်ဖွဲ့ အနည်းစုတွင် ပါဝင်သည့် လက်နက်ကိုင်အဖွဲ့ တခုဖြစ်သည်။
SSA-S သည် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ်(SURA)မှ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။ SURA သည် ၁၉၉၆ ခုနှစ်တွင် မြန်မာ စစ်အစိုးရထံ လက်နက်ချခဲ့သော ခွန်ဆာဦးဆောင်သည့် မော်ထိုင်း တပ်မတော် (MTA)မှ ခွဲထွက် အဖွဲ့ဖြစ်သည်။