မကြာမီ ပြန်လည် ဖွင့်လှစ်တော့မည့် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် စာသင်ကျောင်း တချို့တွင် ခိုလှုံနေသော မီးဘေးဒုက္ခသည်များ နေအိမ်သို့ ပြန်ကြရန် ဒေသခံ အာဏာပိုင်တို့က အင်္ဂါနေ့ မှစ၍ ဖိအားပေးနေကြောင်း သိရသည်။
“နေအိမ်တွေ (ပြင်ဆင်ရှင်းလင်းတာ) မပြီးစီးသေးဘဲ ပြန်ခိုင်းနေတော့ စိတ်ညစ်နေကြရတယ်၊ မီးလောင်တဲ့နေရာက မီးငြိမ်းသွားပေမယ့် တချို့နေရာတွေက အခုထိ မီးခိုတွေ ထွက်နေတုန်း၊ စနစ်တကျ ရှင်းလင်းမှု မရှိသေးပါဘူး” ဟု ဒုက္ခသည် တဦးက ဧရာဝတီကို ပြောသည်။
ဒီဇင်ဘာ ၂၉ ရက်နေ့က မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားအပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများ၊ နေအိမ် ပျက်စီးသွားသူများသည် မင်္ဂလာတောင်ညွန့်ရှိ မဟာဝိဇယရာမ ဘုန်းကြီးကျောင်း၊ အထက (၇)၊ အမက (၂၄) တို့တွင် ဖွင့်လှစ်ထားသော ယာယီ ကယ်ဆယ်ရေး စခန်းများတွင် သွားရောက် ခိုလှုံခဲ့ကြသည်။
ဒုက္ခသည် တချို့အား နေအိမ် ပြန်ခိုင်းသည်မှာ မှန်ကန်သော်လည်း နေစရာ လုံးဝမရှိသူများအား ကယ်ဆယ်ရေး စခန်းများတွင် စောင့်ရှောက်ပေးထားကြောင်း မဟာဝိဇယရာမ ဆရာတော်ထံမှ သိရသည်။
“အတင်းအကျပ် ပြန်ခိုင်းတာတော့ မဟုတ်ပါဘူး၊ တချို့ကလည်း အိမ်ရောက်သွားရင် ပစ္စည်း မရမှာ စိုးရိမ်တဲ့ အတွက် မပြန်ချင်ဘဲ စခန်းမှာ နေချင်ကြတယ်” ဟု ဆရာတော်က ဧရာဝတီသတင်းဌာနကို မိန့်သည်။
စာသင်ကျောင်းများ ဖွင့်လှစ်တော့မည် ဖြစ်၍ စာသင်ကျောင်းမှ ဒုက္ခသည် တချို့ကို ဘုန်းကြီးတွင် နေထိုင်ရန် စီစဉ်ပေးထားကြောင်း၊ အာဏာပိုင်များကလည်း တတ်အားသရွေ့ ကူညီပေးကြောင်း ဆရာတော်က မိန့်သည်။
ယာယီ ကယ်ဆယ်ရေး စခန်းများတွင် စီမံခန့်ခွဲမှု အားနည်းနေကြောင်း ဒုက္ခသည်များက ပြောသည်။
“ကွန်တိန်နာတွေနဲ့ လာလှူထားကြတဲ့ ပစ္စည်းတွေ အခန်းထဲမှာပဲ လှောင်ထားတယ်၊ တခုမှ မပေးဘူး၊ သူတို့ ပြောတာက နေအိမ်တွေ ပြန်ကြပါ၊ ပြီးရင် စာရင်းနဲ့ အတိအကျ ပေးမယ်လို့ အကြောင်းပြတယ်” ဟု ဒုက္ခသည် အမျိုးသမီး တဦးက ဆိုသည်။
လှှုဒါန်းထားသည့် သောက်ရေသန့်ဘူးများကို သိမ်းဆည်း သိုလှောင်ထားသဖြင့် ဘုံဘိုင်မှ ရေကိုသာ သောက်နေကြရသည်ဟု ဒုက္ခသည်တချို့က ပြောသည်။
အလှူခံပစ္စည်းများကို အာဏာပိုင်တို့က ကောင်းမွန်စွာ သိမ်းဆည်းထားသည်ဟု ဆိုသည်။
“ပစ္စည်းတွေ မပေးတာလည်း စနစ်တကျ ပြန်လည် ဝေငှပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်” ဟု မဟာဝိဇယရာမ ဆရာတော်က မိန့်ကြားသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ မေတ္တာမွန် ဂိုဒေါင်အုပ်စုတွင် ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက်က မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ၁၇ ဦး သေဆုံးခဲ့ကာ ၈၀ ကျော် ဒဏ်ရာရသွားကြောင်း အစိုးရက ထုတ်ပြန် ကြေညာခဲ့သည်။ အိမ်ထောင်စုပေါင်း ၂၂၆ စု အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်ဟု ဆိုသည်။
ပေါက်ကွဲမှုများမှာ ဂိုဒေါင်တခုအတွင်း ဗမာယမ်းစိမ်း အပါအဝင် ပရဆေးအိတ် မျိုးစုံ မီးလောင်ရာမှ ဓာတ်ပြုသွားခြင်းကြောင့် ဖြစ်ကြောင်း၊ ပေါက်ကွဲမှု ပြင်းထန်သဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အများအပြားမှ နေအိမ်တိုက်တာများ တုန်ခါသွားပြီး ပုဇွန်တောင်ချောင်းအတွင်း ရေယာဉ်များလည်း ထိခိုက်မှု ရှိခဲ့ကြောင်း အစိုးရက ကြေညာခဲ့သည်။
ဒုက္ခသည်များအတွက် ဒုသမ္မတ စိုင်းမောက်ခမ်း၊ နာရေး ကူညီမှုအသင်း (ရန်ကုန်)၊ ဒေါ်အောင်ဆန်းစုကြည်၊ အနုပညာရှင်များ အပါအဝင် တသီးပုဂ္ဂလိက အလှှုရှင်များကလည်း သွားရောက် လှှုဒါန်း အားပေးခဲ့ကြသည်။