ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အောင်နိုင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးအခြေအနေကို တန်ပြန်ရန်အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဦးဆောင်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ပါဝင်သော အစည်းအဝေးတရပ်ကို ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်ကြောင်း သတင်းရသည်။
ဒီဇင်ဘာ၂၈ ရက်နေ့ကပြုလုပ်သည့် အဆိုပါအစည်းအဝေးကို သူရဦးရွှေမန်းက ကြံ့ဖွံ့ပါတီ ဒု ဥက္ကဌ အနေဖြင့်ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ကြံ့ဖွံ့ပါတီ မှ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ကြောင်း နေပြည်တော်ရှိ အစိုးရ အသိုင်းအဝန်းနှင့် နီးစပ်သူတဦး က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် ထင်ရှားလာတာကို တန်ပြန်စည်းရုံးရေး လုပ်ဖို့ရယ်၊ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ကြံ့ဖွံ့ပါတီ အနိုင်ရဖို့ ဆောင်ရွက်ဖို့ လိုတယ် ဆိုတာကို အစည်းအဝေးမှာ ဆွေးနွေးတယ်”ဟု ၎င်းက ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ပြည်သူ့ လွှတ်တော်အတွက် လစ်လပ်မဲဆန္ဒနယ် ၄၀၊ အမျိုးသား လွှတ်တော်အတွက် လစ်လပ်မဲဆန္ဒနယ် ၆ နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက်၂ နေရာ စုစုပေါင်း လစ်လပ် မဲဆန္ဒနယ် ၄၈ နေရာရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သည် ပါတီမှတ်ပုံတင်ကာ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ပြိုင်ရန် ပြီးခဲ့သည့် ဒီဇင်ဘာလ က ဆုံးဖြတ်ခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြီးခဲ့သည့်လအတွင်း နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အတတ်နိုင်ဆုံး သမာသမတ်ကျကျ ပြုလုပ်ပေးမည်ဟု ကတိပေး ပြောကြား ထားသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေး ကောက်ပွဲ၌ လက်ရှိသမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အာဏရ ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲများဖြင့် ပြိုင် ဘက် ပါတီများကို အနိုင်ရရှိခဲ့သည်ဟု စွပ်စွဲချက်များထွက်ပေါ်လာကာ ရွေးကောက်ပွဲကော်မရှင်၌ တရားစွဲဆိုမှုများ နိုင်ငံအနှံ့တွင် ဖြစ်ပွားခဲ့သည်။
ကြံ့ဖွံ့ပါတီသည် ဧပြီလတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် တရားမဝင်စည်းရုံးမှုများကို မကြာသေးခင်က စတင်ပြုလုပ်လာရာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်အတွင်းရှိ မြေဂရန်မရှိသော အိမ်ထောင်စုများကို ဂရန်ချပေးမည်ဟု ရပ်ကွက် အာဏာ ပိုင်များမှ တဆင့် ပြောဆို စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။
ထို့အပြင် ယခင်မြို့တော်ဝန်ဟောင်း တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း ကလည်း ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်း၌ ကြံ့ဖွံ့ပါတီမှ လစ်လပ်နေရာအပြည့်နိုင်ရမည်ဟု ပြောဆိုကြောင်း ပြည်တွင်း ထုတ် Hot News ဂျာနယ်တွင် ရေးသားထားသည်။