မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းကျခံနေရဆဲဖြစ်သော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် ကျန်ရှိနေခြင်းသည် အစိုးရနှင့်၎င်းတို့ သတ်မှတ်သဘောတူထားသည့် အချိန် မရောက်သေး၍ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဆက်လက် အကျဉ်းကျခံနေရခြင်းနှင့် ပတ်သက်ပြီး မိသားစုဝင်များက ဒေါ်အောင် ဆန်းစုကြည်ကို ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးချုပ်သို့ ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က သွားရောက် တွေ့ဆုံမေး မြန်းရာတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ သူနဲ့ အစိုးရ အကြား အချိန် တခု သတ်မှတ် သဘောတူထားတယ်၊ အဲ့ဒီအချိန်ကို မရောက်သေးဘူး၊ ဘယ်တော့လည်းဆိုတာတော့ ထုတ်မပြောဘူး”ဟု ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် တဦးဖြစ်သော ကိုဉာဏ်လင်း၏ညီ ကိုဆန်းလင်းကပြောသည်။
ကိုဉာဏ်လင်းသည် လက်ရှိ ကရင်ပြည်နယ် ဘားအံထောင်၌ ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ ကျခံနေရဆဲ ဖြစ်ပြီး မျက်စိ ဝေဒနာကို လည်း ခံစားနေရဆဲ ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး သမ္မတ ဦးသိန်းစိန်အပေါ်တွင် ယုံကြည်မှုရှိကြောင်း၊ သို့သော်လည်း အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုဖြစ်ပေါ်နေသည် ဟု ထင်ကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ သဘောတူညီ ထားရှိသည့်အတိုင်း အကောင်အထည် ဖော်ဆောင်ရွက်ခြင်းမရှိပါက လုပ်စရာရှိသည်ကို ဆက်လက်လုပ်ဆောင်မည်ဟု ကတိပေး ပြောကြားကြောင်းလည်း ကိုဆန်းလင်းက ပြောဆိုသည်။
ဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးအတွက် လွှတ်တော်တွင်းဝင်ရောက်၍ လွှတ်တော်နိုင်ငံရေးကို လုပ်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီသို့ ပြောင်းလဲရေးတွင် စစ်တပ် ၏ ထောက်ခံမှုမရဘဲ ချော့မွေ့မည် မဟုတ်ကြောင်း စသည်များကိုလည်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်ဟု သိရသည်။
“အန်တီစုပြောတာက ဥပဒေရှုထောင့်က ကြည့်ရင် အရင်အစိုးရလက်ထက်က ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေကို အစိုးရသစ်အနေနဲ့ ပယ်ဖျက်လို့မရသေးဘူး၊ လျှော့ပေါ့လို့ပဲရမယ်၊ ဒါကြောင့် ဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံပြင်ရေး အတွက် လွှတ်တော် နိုင်ငံရေးကို လုပ်ရ မယ်လို့ ပြောတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သော ကိုမင်းဇေယျ၏ ဇနီး မချိုချိုဝင်းက ပြောပြသည်။
ကိုမင်းဇေယျသည်လည်း ရှမ်းပြည်နယ် လားရှိုး အကျဉ်းထောင်၌ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရဆဲဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး နိုင်ငံရေး အ ကျဉ်းသားများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ကူညီမှုများပေးမည်ဖြစ်သည်ဟု ပြောဆိုကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့တွင် ပြည်ထဲရေး ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ၍ အကျဉ်းသားများ လွှတ်ပေးရာ၌ ကျောင်းသား ခေါင်းဆောင်များ ပါဝင်မည် မဟုတ်ဟု ပြောဆိုထားကြောင်းလည်း သတင်းရရှိသည်။
၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၏ မိသားစုဝင်များဖြစ်သော ကိုကိုကြီး၏ ညီ ကိုအောင်ထွန်း၊ ကိုမင်းဇေယျ ၏ဇနီး မချိုချိုဝင်း၊ ကိုဌေးကြွယ်၏ ညီမ မခင်မိမိကြွယ်၊ ကိုကြီးသန်း(ခ) ကိုသန်းတင်၏ ညီမ မသန်းသန်းဌေး၊ ကိုပဏ္ဍိတ်ထွန်း မိခင် ဒေါ်ညွန့် ညွန့်ဦး၊ ကိုမာကီး၏ မိခင်၊ ကိုပြုံးချို၏ ဇနီး မဝါဝါ၊ မသက်သက်အောင်၏ မိခင် ဒေါ်စုစုကြည်၊ ကိုဉာဏ်လင်း၏ညီ ကိုဆန်းလင်း တို့က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံ မေးမြန်းခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့က သမ္မတဦးသိန်းစိန်၏ တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းသား လွှတ်ရာ တွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၅ ဦးသာပါဝင်ခဲ့ပြီး နှစ်ရှည်ကျခံနေရသည့် အကျဉ်းသားများကို ပြစ်ဒဏ်များ လျှော့ပေါ့ခြင်း သာ ပြုလုပ်ခဲ့သည်။
ယနေ့ထုတ်အစိုးရ သတင်းစာများတွင် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အကျဉ်းသား စုစုပေါင်း ၆၆၅၆ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များ ပေးလိုက်သည်ဟု ဖော်ပြထားသည်။
ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ ၂၀၁၁ ခု ဒီဇင်ဘာ၂၃ ရက် ထုတ်ပြန် ချက်တွင် မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားပေါင်း ၁၅၇၂ ဦးရှိကြောင်း ဖော်ပြထားသည်။