မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချယ်လ်သည် လာမည့်အပတ်အတွင်း မြန်မာနိုင်ငံ သို့ စတုတ္ထအကြိမ်အဖြစ် ထပ်မံသွားရောက်မည် ဖြစ်သည်။
ဒဲရစ် မစ်ချယ်လ်သည် ဇန်နဝါရီ ၉ ရက်မှ ၁၃ ရက်အထိခရီးစဉ်အတွင်း ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
မြန်မာနိုင်ငံ ခရီးစဉ်တွင် အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော တိုက်ရိုက် ထိတွေ့ဆက်ဆံရေး မူဝါဒ အရ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ၊ နိုင်ငံရေး သမားများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်ရှိကြောင်း၊ ဒီဇင်ဘာ လဆန်းက သွားရောက် ခဲ့သော နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် ခရီးစဉ်နှင့် ဆက်စပ်ကြောင်းလည်း ပါရှိသည်။
ဒဲရစ် မစ်ချယ်လ်သည် မြန်မာနိုင်ငံ အပူပိုင်းဇုန် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားချေးငွေ အစီအစဉ်အတွက် ပုဂံ သို့လည်း သွားရောက်မည် ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ထို့အပြင် ဒဲရစ် မစ်ချယ်လ်သည် ထိုင်းနိုင်ငံ မြောက်ပိုင်းသို့ သွားရောက်၍ ဒေသဆိုင်ရာ အာဏာပိုင်များ အပါအဝင် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များကို အကူအညီ ပေးနေသူများနှင့်လည်း တွေ့ဆုံရန် အစီအစဉ် ရှိကြောင်း သိရသည်။
မစ္စတာ ဒဲရစ် မစ်ချယ်သည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်၍ ထမ်းဆောင်ခဲ့သည်။
၎င်းသည် မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် စက်တင်ဘာလ အတွင်းက ရောက်ရှိခဲ့ပြီး အစိုးရအဖွဲ့ဝင်များ၊ ဒေါ်အောင်ဆန်း
စုကြည်အပါအဝင် အတိုက်အခံခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။ အောက်တိုဘာ လကုန်ပိုင်း ဒုတိယ ခရီးစဉ်
နှင့် နိုဝင်ဘာ လဆန်း၌ တတိယ ခရီးစဉ်အဖြစ်လည်း သွားရောက်ခဲ့သေးသည်။
ဒဲရစ် မစ်ချယ်လ်၏ ယခုခရီးစဉ်နှင့် တပြိုင်တည်း အမေရိကန်နိုင်ငံခြားရေး ဌာနမှ လူမှောင်ခိုကုန်ကူးမှု ဆိုင်ရာ အဆင့်မြင့် အရာရှိ Luis CdeBaca သည်လည်း မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ သွားရောက်မည်ဖြစ်သည်။
၎င်းသည် မြန်မာအစိုးရ၏ လူမှောင်ခိုကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံတွင်း လူမှောင်ခိုကုန်ကူးမှု အခြေ အနေများကို လေ့လာဆောင်ရွက်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
Luis CdeBaca သည် နေပြည်တော်၌ ဒဲရစ် မစ်ချယ်လ်နှင့်အတူ မြန်မာအာဏာပိုင်များကို တွေ့ဆုံပြီး အလုပ်သမားအရေးနှင့် နိုင်ငံ ဖြတ်ကျော် လိင် ကုန်ကူးမှုဆိုင်ရာများကို ဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။
ရန်ကုန်မြို့တွင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ NGO အဖွဲ့များ အပါအဝင် အစိုးရ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။