နိုင်ငံရေးနှင့် ဆက်နွယ်သူများအား ဆက်လက် ထိန်းသိမ်းထားပါက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဥရောပသမဂ္ဂ၏ စီးပွားရေး ပိတ်ဆို့မှုများ၊ ဒဏ်ခတ်မှုများကိုဖယ်ရှားပေးမည် မဟုတ်ဟု ရန်ကုန်တွင် ရောက်နေသော ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ်က ယနေ့ ပြောကြားလိုက်သည်။
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင် သွားရောက် တွေ့ဆုံ ဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။
“နိုင်ငံရေး ယုံကြည်မှုကြောင့် အကျဉ်းကျနေတဲ့လူတွေ ရှိနေသမျှ ဒီနိုင်ငံက ဒီမိုကရေစီနိုင်ငံ ဖြစ်ပြီလို့ ပြောဖို့ ခက်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးမှု ဆိုတာ ဥရောပသမဂ္ဂရဲ့ ကန့်သတ်မှုတွေ ဖယ်ရှားဖို့ အရေးပါတဲ့ အချက် ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။
လက်ရှိအစိုးရက ပြုလုပ်နေသည့် ပြုပြင် ပြောင်းလဲမှုများကို နိုင်ငံတကာ နည်းတူ ဗြိတိန်ကလည်း ထောက်ခံသည်ဟု ဆိုသည်။
ယမန်နေ့က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ ခေါင်းဆောင် အများအပြားနှင့် တွေ့ဆုံခဲ့ပြီး ဦးသိန်းစိန်သည် ရိုးသားပြီး အပြောင်းအလဲ ပြုလုပ်လိုပုံရသည်ဟု ဝန်ကြီးက ပြောသည်။
သို့သော်လည်း စစ်ပွဲဖြစ်ပွားနေသော တိုင်းရင်းသားဒေသများသို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပိုမို ပေးပို့ခွင့်ပြုရေး အပါအဝင် အပြောင်းအလဲ များစွာ လုပ်ဆောင်ရန် လိုအပ်သေးကြောင်း ဝန်ကြီး ဝီလျံဟိတ်က ဆိုသည်။
ယနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်လုံးက အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ် အတွက် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ရန်၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်၊ သန့်ရှင်း မျှတသော ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးရန် လိုအပ်သည် ဟု ပြောဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်နေမှုကြောင့် မေးခွန်း အထုတ်ခံနေရသည်ဟု ရှင်းပြသည်။
“ကျမကို (မကြာသေးမီက) ရှပ်ရှင်ပွဲတော်မှာ သတင်းထောက် တယောက်က လာမေးတယ်။ အိမ်မက်ထဲမှာ ပျော်မွေ့နေသလားလို့ မေးတယ်။ မဟုတ်ပါဘူး။ ကျမတို့ ရည်မှန်းချက် ပန်းတိုင် ရှိတယ်။ ဘယ်လို လုပ်ရမယ် ဆိုတာ သိတယ်။ ရိုးရိုးလေး ပြောရင် အလုပ်လုပ်ဖို့ လိုအပ်တယ်။ ကျမတို့ အိမ်မက်တွေ တကယ် ဖြစ်လာအောင် အလုပ်လုပ်ဖို့ လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
“ကျမတို့မိတ်ဆွေရဲ့ ကူညီအားပေးမှုနဲ့ ကျမတို့ ပြည်သူတွေရဲ့ အိမ်မက်တွေကို တကယ် ဖြည့်ဆည်းပေးနိုင်မှာပါ” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီး ဝီလျံဟိတ်နှင့် ပူးတွဲ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောလိုက်သည်။
ဝီလျံဟိတ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့ကလည်း တကြိမ် တွေ့ဆုံပြီး ဖြစ်သည်။
သူ၏ ၂ ရက်ကြာ ခရီးသည် ရာစုနှစ်ဝက်ကျော်အတွင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး တဦး၏ ပထမဆုံးမြန်မာပြည် ခရီးစဉ် ဖြစ်သည်။
မကြာသေးခင်က မြန်မာအစိုးရ ဖော်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကြောင့် ခရီးစဉ် ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဌာန၏ တနင်္ဂနွေနေ့ ထုတ်ပြန်ချက် တစောင်တွင် ဖော်ပြထားသည်။
ဤအတောအတွင်း ဥရောပသမဂ္ဂက ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံး ဖွင့်ရန် နေပြည်တော်နှင့် သဘောတူချက် ရပြီး ဖြစ်ကြောင်း ကြေညာလိုက်သည်။ ရန်ကုန်ကိုယ်စားလှယ်ရုံးက အကူအညီပေးမှု အစီအစဉ်များ စီမံ ခန့်ခွဲရေး၊ နိုင်ငံရေးဆွေးနွေးမှုများအား အားပေး မြှင့်တင်ရေး တို့ကို ဆောင်ရွက်သွားမည်ဟု ဥရောပသမဂ္ဂ အရာရှိတဦးက သတင်းဌာနများကို ပြောသည်။
မြန်မာပြည်အား လူ့အခွင့်အရေး အခြေအနေများကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် ဥရောပသမဂ္ဂသည် မကြာသေးမီက ဖြေလျော့မှုတချို့ကို ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဧပြီလတွင် မြန်မာအစိုးရ ဝန်ကြီးတချို့ကို ဥရောပသို့ ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြင့် ပြည်ဝင်ခွင့် ပိတ်ပင်မှုကို ယာယီ လျှော့ပေါ့ပေးခဲ့သည်။