အစိုးရသစ်က လောင်စာဆီဈေး ပြောင်းလဲတိုးမြှင့်လိုက်ရာ ကုန်ဈေးနှုန်း တက်မည့် အလားအလာကို ပြည်သူအများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။
“အခု ဓာတ်ဆီဈေးကအရင် တဂါလန် ၂၅၀၀ (ကျပ်)ကနေ အခု ပြီးခဲ့တဲ့ ၁ ရက်နေ့က စ ပြီး ၃၃၅၀ တိုးလိုက်တော့ ခရီး စရိတ်တွေမြင့် ကုန်ဈေးနှုန်းကလည်း တက်တော့မယ်”ဟု ရန်ကုန်မြို့နေ ကားလုပ်ငန်းလုပ်ကိုင်သူ ဦးစိုင်းက ဧရာဝတီကို ပြော သည်။

ဓာတ်ဆီဈေးတိုးမြှင့်လိုက်၍ ဆီဆိုင်တွင်တန်းစီပြီး ပြင်ပသို့ ပြန်လည်ရောင်းချသူများအနေဖြင့် ဓာတ်ဆီတဂါလန် ၄၂၀၀ ကျပ် ဈေးရှိကြောင်း၊ ပြင်ပတွင် ပြန်လည်ရောင်းချသောပေါက်ဈေးမှာ ဓာတ်ဆီ တဂါလန် ၄၅၀၀ မှ ၅၀၀၀ ကျပ်ကျော်ရှိပြီး ဈေး ပိုတက်လာနိုင်၍ မှောင်ခိုဈေးကွက် ပိုကြီးလာနိုင်ကြောင်း၊ ကုန်ဈေးနှုန်းများလည်း မြင့်မားလာနိုင်ကြောင်း သူက ဆိုသည်။
မကွေးတိုင်း အောင်လံမြို့နေ ကိုမောင်မောင်ကလည်း လောင်စာဆီဖြန့်ချိမှုများကို ပုဂ္ဂလိက ကုမ္ပဏီများက တာဝန်ယူ လုပ် ကိုင် လာသောကြောင့် ပြည်သူထံ တိုက်ရိုက်ရောက်သည့်နည်းလမ်းဟု ယူဆခဲ့သော်လည်း ယခုကဲ့သို့ ဓာတ်ဆီဈေး တိုးမြှင့် လိုက်ခြင်းမျိုးသည် အစိုးရအနေဖြင့် စဉ်းစားသင့်ကြောင်း ပြောဆိုသည်။
လောင်စာဆီ ဖြန့်ချိမှုများကို လုပ်ကိုင်နေသည့် ပုဂ္ဂလိက ကုမ္ပဏီကြီးများက ယခင်ကလွတ်လပ်စွာ ဝယ်ယူခွင့် ပေးခဲ့ သော် လည်း ယခု မရတော့ကြောင်း၊ တနေ့ ၂ ဂါလန် ပြန်လည် သတ်မှတ်ရောင်းချလိုက်ခြင်း၊ ဆီစာအုပ်များဖြင့် အကန့် အသတ် လုပ်ကာ ရောင်းချခြင်းများသည် မှောင်ခိုဈေးကွက်ကို ဖန်တီးရာရောက်ဟုလည်း ကိုမောင်မောင်က ဆိုသည်။
ထို့အပြင် လောင်စာဆီ ဝယ်ယူရသည်မှာလည်း တန်းစီးရခြင်းဒုက္ခ ကြီးမားကြောင်း၊ မှောင်ခိုဆီ သိုလှောင်မှုများကြောင့် မီးဘေး အန္တရာယ်လည်း စိုးရိမ်ရကြောင်း၊ နောက်ဆက်တွဲ ကုန်ဈေးနှုန်းမြင့်မားလာ၍ အကြပ်အတည်းများလည်း ဖြစ်လာ နိုင် ကြောင်း သူ က ဆက်ပြောသည်။
ကားတစီးလျှင် တနေ့ ၂ ဂါလန်နှုန်းဖြင့် ၅ ရက်တခါ ဆီဝယ်ယူခွင့်ရပြီး မော်တော်ဆိုင်ကယ်တစီးလျှင် ၅ ရက် စာ အတွက် ဂါလန် တဝက်သာ ရရှိကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ အဝေးပြေး ကားဂိတ်ကြီးများကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် လူစီးခနှင့် ကုန်တင်ခ ပြောင်းလဲမှုမရှိဟု ဖြေကြားခဲ့သော်လည်း ကုန်သည်တဦးကမူ ဓာတ်ဆီဈေး ထပ်မံ မြင့်တက်မှုကြောင့် ဒီဇယ်ဈေးလည်း မြင့်မားလာနိုင်ပြီး ကုန်တင် စရိတ်လည်း မြင့်တက်သွားနိုင်သည်ဟု ဆိုသည်။
ရန်ကုန်မြို့က အိမ်ရှင်မတဦးဖြစ်သူ ဒေါ်နီနီက ဓာတ်ဆီဈေး မြှင့်တင်လိုက်သည့်နေ့ကပင် စားသောက်ကုန် ပစ္စည်း ဈေးနှုန်း ချက်ချင်း တက်သွားခဲ့သည်ဟု ဆိုသည်။
“ကျမတို့က ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကို တိုက်ရိုက်ခံစာရတာပဲ၊ ဟိုတခါလည်း ဓာတ်ဆီဈေးတက်ရာက သံဃာတော်တွေ လမ်းပေါ်ထွက် ဆုတောင်းရတဲ့အဖြစ်ထိ ဖြစ်ခဲ့ဖူးပြီ၊ ကျောင်းသားခေါင်းဆောင်တွေလည်း ထောင်တွေထဲ ရောက်ကုန်တာ အခုထိ ပြန်မထွက်လာနိုင်သေးဘူး”ဟုလည်း သူက ပြောသည်။
ဓာတ်ဆီဈေး တက်သော်လည်း ဒီဇယ်ဈေးမှာ ရိုးရိုးဒီဇယ်ဆီ တဂါလန် အစိုးရ ထုတ်ဈေး ၃၅၀၀ ကျပ်၊ အဆင့်မြင့် ဒီဇယ်ဈေး ၃၇၀၀ ကျပ် ဖြင့် ရှိနေပြီး ပြင်ပ ပေါက်ဈေးမှာ ရိုးရိုးဒီဇယ် တဂါလန် ၅၀၀၀ ကျပ် ဝန်းကျင်မှ ၅၃၀၀ ကျပ် အထက် တက်နိုင်ကြောင်း သိရသည်။
စီးပွားရေး ပညာရှင် ခင်မောင်ညို(ဘောဂဗေဒ)ကမူ လောင်စာဆီဈေး အစိုးရက တိုးမြှင့်လိုက်သော်လည်း ထိုကိစ္စသည် အစိတ်အပိုင်း တခုသာဖြစ်ပြီး လောင်စာဆီ အဓိကဖြန့်ဖြူးနေသည်မှာ ပုဂ္ဂလိက ကုမ္ပဏီများကသာ လုပ်ဆောင်နေကြောင်း၊ လက်ရှိလည်း ကုန်ဈေးနှုန်း သိသိသာသာ မြင့်တက်၍ မသွားကြောင်း၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မည့် အလား အလာ မရှိကြောင်း ပြောဆိုသည်။
၂၀၀၇ ခုနှစ်တွင် အစိုးရက ရုတ်တရက် လောင်စာဆီဈေး အဆမတန် မြှင့်လိုက်သည့်အတွက် ၈၈ မျိုးဆက် ကျောင်းသားများ ဦးဆောင်၍ ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသောကြောင့် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး စသည်တို့ကို ဖမ်းဆီး၍ ထောင်ဒဏ် နှစ်ရှည် ချမှတ်ခဲ့သည်။