မြန်မာနိုင်ငံမှာ စင်တင်ရှိုးပွဲပေါင်းများစွာ လက်ခံကျင်းပပေးနိုင်ခဲ့တဲ့ ဇာတ်ရုံအဖြစ် အသုံးပြုနေကျ သုဝဏ္ဏ မိုးလုံ လေလုံ အားကစားရုံကြီးမှာ ဘယ်ဖျော်ဖြေပွဲကိုမှ လက်ခံမကျင်းပနိုင်တော့ဘူးလို့ သိရပါတယ်။
ရှိုးပွဲများကို လက်ခံကျင်းပပေးခဲ့လို့ ဇာတ်ရုံကြီးအနေနဲ့ ပျက်ဆီး ယိုယွင်းခဲ့ရတာဖြစ်တဲ့အတွက် အားကစား ပွဲတွေကလွဲလို့ ဘယ်ပွဲမျိုးကိုမှ လက်ခံကျင်းပခြင်း မပြုတော့ကြောင်းနဲ့ မြန်မာနိုင်ငံမှာ မကြာခင် နိုင်ငံတကာ ဆီးဂိမ်းပြိုင်ပွဲတွေ ကျင်းပတော့မှာဖြစ်လို့ အခုလို ကျင်းပခွင့်မပြုတော့တာပါလို့ အားကစားကွင်းရုံ ညွှန်ကြားရေးမှူး ဦးကျော်စန်းက မြန်မာတိုင်းမ်စ် ဂျာနယ်ကို ပြောလိုက်ပါတယ်။
အဲဒီ မိုးလုံလေလုံ အားကစားကွင်းမှာ ရှိုးပွဲတပွဲ ကျင်းပတော့မယ်ဆိုရင် အသုံးပြုခအဖြစ် ကျပ် သိန်း ၄၀ ပေးရတာပါ။ ဒါ့အပြင် ဇာတ်ရုံထဲက ခုံတွေကို နံပါတ်တပ်မယ်ဆိုရင်လည်း နံပါတ်တပ်ခ တခုံကို ၁၀ ကျပ်နှုန်းနဲ့ ပေးရပါတယ်။ ဇာတ်ရုံ ထဲမှာ ရှိပြီးသားထိုင်ခုံတွေအပြင် နောက်ထပ်ထိုင်ခုံတွေ ထပ်ထိုးမယ်ဆိုရင်တော့ ခုံစီခအဖြစ် သီးသန့် ထပ်ပေးရပြန် ပါတယ်။ အဲဒီလို ရှိုးပွဲတွေ ကျင်းပပြီးလို့ အပျက်အစီး တစုံတရာ ရှိခဲ့မယ်ဆိုရင်လည်း ဒဏ်ကြေးအဖြစ် ထပ်မံပေးရပါ သေးတယ်။ အဲဒီတော့ ဒီသုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ပွဲတခါလုပ်တော့မယ်ဆိုရင် ဇာတ်ရုံအသုံးပြုခ အနေနဲ့ ကျပ် သိန်း ၄၀ အထက်မှာ ရှိပါတယ်။
ဇာတ်ရုံပျက်စီးလို့ ဆက်လက် အသုံပြုခွင့် မပေးတော့ဘူးဆိုတော့ အသုံးပြုခတွေကို နေရာလပ်မကျန် ကောက် ခံထားလို့ ဒီရရှိတဲ့ ငွေကြေးတွေနဲ့ ဇာတ်ရုံပြင်ဆင်ဖို့ အသုံးမပြုတော့ဘူးလားလို့ မေးခွန်းထုတ်ချင်စရာပါ။
“ပွဲတပွဲ မနက်ဖြန်ရှိရင် အဲယားကွန်းကို ဒီနေ့တည်းက ကြိုဖွင့်ထားရတယ်။ နို့မိုဆိုရင် မအေးဘူး။ လူတွေ တကယ် များလာတော့လည်း အဲယားကွန်းက ဘယ်ရောက်နေမှန်းတောင် မသိပါဘူး။ ချွေးတလုံးလုံးနဲ့ ပွဲကြည့်ရတာပါပဲ” လို့ ရှိုးပွဲ စီစဉ်သူ တဦးက ပြောပါတယ်။
နိုင်ငံတကာမှာလည်း အခုလို စင်တင်ဖျော်ဖြေပွဲတွေကို ကျင်းပတယ်ဆိုရင် ပရိသတ်ပေါင်း သောင်းချီ၊ သိန်းချီ လာ အားပေးကြတဲ့အတွက် အားကစားရုံတွေ ဘောလုံးကွင်းတွေထဲမှာ ကျင်းပကြရတာ ထုံးစံပါ။
သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ဆက်လက်ပြီး ဖျော်ဖြေပွဲတွေ လုပ်ခွင့်မရတော့တာက လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို လွတ်လွတ်လပ်လပ် ပြောဆို ပြက်လုံးထုတ်ခဲ့ကြတဲ့ ပြေတီဦး ဖောင်ဒေးရှင်း ရန်ပုံငွေပွဲ၊ မုဒိတာလွင်ပြင် အငြိမ့်ပွဲတွေကြောင့် လို့လည်း အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။
အဲဒီလို အားကစားရုံတွေမှာ ဖျော်ဖြေပွဲတွေ ကျင်းပခွင့်မရပြန်တော့ စင်တင်ဖျော်ဖြေပွဲတွေ အဓိက တင်ဆက်လို့ ရနိုင်မယ့် အမျိုးသား ဇာတ်ရုံ ကျပြန်တော့လည်း ယဉ်ကျေးမှု အနုပညာတွေ တက်ဆင်နေတဲ့ဇာတ်ရုံမှာ ခေတ်ပေါ် တေးသီချင်းတွေ တင်ဆက်တာကို လက်မခံနိုင်ဘူးလို့ ယဉ်ကျေးမှုဝန်ကြီးတဦးက ပြဌာန်းခဲ့ပြန်တော့ တင်ဆက်ခွင့် မရကြ ပြန်ပါဘူး။
ဒါ့အပြင် မကြာသေးမီကလည်း အဲဒီအမျိုးသားဇာတ်ရုံကြီးက ပုဂ္ဂလိက ပိုင်ပဲဖြစ်တော့မလိုလို ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သေးပါတယ်။
ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်ဖို့အတွက် ကြိုးစားနေကြရတဲ့ ပေါ့ပ်၊ ရော့ခ်၊ ပန့်ခ် စတဲ့ ဂီတတွေက ခေတ်နဲ့အမီ ဘယ်လို တိုးတက်အောင် ဖန်တီးရင် ကောင်းမလဲလို့ မစဉ်းစားရဘဲ လွတ်လွတ်ကင်းကင်း ဘယ်နေရာမှာ ဘယ်လို ဖျော်ဖြေ တင်ဆက် ရပါ့မလဲ ဆိုတာကိုသာ အဓိက စဉ်းစားရွေးချယ်ရမလို ဖြစ်နေပါပြီ။
စတိတ်ရှိုးတွေ ဘုံ မပျောက်ပါစေလို့ ဆုတောင်းရင်း…။
နိုင်ငံတကာအဆင့်မီ LED စင်မြင့်နဲ့ ၂၀၁၀ အကယ်ဒမီ
မြန်မာ့ရုပ်ရှင် လောကသားတွေရဲ့ အကြီးမားဆုံးမျှော်လင့်ချက် တခုဖြစ်တဲ့ အကယ်ဒမီ ပေးပွဲကြီးရဲ့ စင်မြင့်ကို ပြီးခဲ့တဲ့ အင်ဒိုနီးရှား ဆီးဂိမ်းဖွင့်ပွဲမှာ အသုံးပြုခဲ့တဲ့ LED စင် ဒီဇိုင်းပုံစံ အမျိုးအစားနဲ့ ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အရင်က အကယ်ဒမီပေးပွဲစင်မြင့်ကို သစ်သားနဲ့ ဆောက်လုပ်ခဲ့ရာကနေ အခုလို လေးဘက်လေးလံ မြင်နိုင်တဲ့ LED စနစ် ဒီဇိုင်းပုံစံနဲ့ ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်အတွက် အကယ်ဒမီပေးပွဲကြီးရဲ့ စင်မြင့်ကို နိုင်ငံတကာ အဆင့်မီ ပြောင်းလဲ တည်ဆောက်မယ် ဆိုပေမယ့်လည်း ဒီအဆင့်မီ စင်မြင့်ကြီးပေါ်မှာ တက်ရောက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင် ဇာတ်ကားတွေနဲ့ မြန်မာ့ရုပ်ရှင် အဆင့်အတန်းက နိုင်ငံတကာ အဆင့်မီဖြစ်နေရဲ့လား၊ နိုင်ငံတကာအဆင့်မီ ဖန်တီးခွင့်တွေ ရနေပြီလား ဆိုတာကိုတော့ မေးခွန်းထုတ်စရာပါ။
ဒီလို အဆင့်အတန်း မြင့်တဲ့ ဖန်တီးမှုတွေ လုပ်နိုင်ဖို့ဆိုရာမှာလည်း လွတ်လပ်စွာ ဖန်တီးနိုင်ခွင့် ရှိရဦးမှာပါ။
လွတ်လပ်စွာ ဖန်တီးခွင့်တွေ ရလာကြဖို့အတွက် မြန်မာ့ရုပ်ရှင်လောကသားတွေ အနေနဲ့ သက်ဆိုင်ရာကို ဝိုင်းဝန်းတိုင်ပင် ပြောဆိုခဲ့ကြ တာတွေလည်း မကြာသေးခင်ကာလက ဖြစ်ပေါ်ခဲ့တာ အားလုံးအသိပါ။ အဲဒီပြောဆိုမှုတွေကို သက်ဆိုင်ရာက ဘယ်လို ဖြေရှင်း လုပ်ဆောင်ပေးမယ် ဆိုတာကတော့ အခုထက်ထိ အဖြေ မသိရသေးတာတော့ အမှန်ပါ။
ဒါထက် လွတ်လပ်စွာ ဖန်တီးနိုင်ခွင့် တွေနဲ့အတူ လွတ်လွတ်လပ်လပ် ဖန်တီး တင်ဆက်သွားနိုင်ခဲ့လို့ အဆင့်အတန်း မြင့်လှတဲ့ ဇာတ်လမ်းတိုတွေ၊ Documentary ဇာတ်ကားတွေ Animation ဇာတ်ကားတွေကို ဖန်တီးတင်ဆက်သွားနိုင်တဲ့ ရုပ်ရှင်ပွဲတော် တခုလည်း မကြာသေးခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့အပြင် ပြသခဲ့တဲ့ ဇာတ်ကားတွေကို ကြည့်ခြင်းအားဖြင့် လွတ်လပ်စွာ ဖန်တီးနိုင်ခွင့် အကျိုးကျေးဇူး ရလဒ်ရဲ့ တန်ဖိုးကြီးမားမှုကို တွေ့မြင် နိုင်မှာပါ။
ဒီရုပ်ရှင်ပွဲတော်မှာ ပရိသတ် အကြိုက်အနှစ်သက်ဆုံး ဆုကို ရရှိခဲ့တဲ့ “အဲ့ဒီအခန်းဖြတ်” ဇာတ်ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ ဝိုင်းက သူရခဲ့တဲ့ ဆုတံဆိပ်ပုံစံကို ကြည့်ကာ “ရိုးရိုးလေးပဲနော်၊ ရွှေတွေ၊ ကြယ်တွေလည်း မပါဘူး။ ရိုးမှာပေါ့ လူထုက ပေးတာကိုး” လို့ ဆုပေးပွဲ အခမ်းအနားမှာ ပြောသွားပါသေးတယ်။
အခုလို မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲ စင်မြင့်ကို ဆောက်လုပ်ဖို့ စီစဉ်နေပေမယ့်လည်း အကယ်ဒမီ ပေးပွဲကြီး ကတော့ ဘယ်နေ့ ဘယ်ရက် ကျင်းပမယ် ဆိုတဲ့ သတင်းအသံ သဲ့သဲ့တောင် မကြားရသေးပါဘူး။
“အရင်က ဒီဇင်ဘာမှာ လုပ်မယ်လို့ အသံကြားတယ်၊ အခု ဘာသံမှ မကြားတော့ဘူး” လို့ အလင်းတန်း ဂျာနယ်၊ ရွှေအမြုတေ မဂ္ဂဇင်းနဲ့ ဖူးငုံမဂ္ဂဇင်းရဲ့အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ဆိုပါတယ်။
မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲကို အရင်က ရန်ကုန်မြို့မှာ ကျင်းပနေရာကနေ ၂၀၀၇ ခုနှစ်ကစလို့ နေပြည်တော်ကို ပြောင်းရွှေ့ ကျင်းပခဲ့တာပါ။
ဒီနှစ် အကယ်ဒမီပေးဖို့အတွက် ရုပ်ရှင်ဇာတ်ကား စုစုပေါင်း ၁၅ ကား ရှိနေပါပြီ။
ကဲ ဒီ ၂၀၁၂ မှာကျင်းပမယ့် ၂၀၁၀ ပြည့်နှစ်အတွက် အကယ်ဒမီပေးပွဲကြီးမှာ အဆင့်မြင့်ဇာတ်စင် အသစ်ကြီးနဲ့ အတူ ဘယ်လို အဆင့်အတန်းမြင့်မြင့် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပေးအပ်ချီးမြှင့်မလဲ ဆိုတာကတော့ မကြာမီ လာမည်၊ ဖန်သားပြင်မှာ ရှု လို့ပဲ ပြောပါရစေ။