ချင်းအမျိုးသား တပ်ဦး (CNF) နှင့် အစိုးရဝန်ကြီးများသည် ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ယနေ့ တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေး သဘော တူညီလိုက်ကြောင်းသိရသည်။
CNF သည် အိန္ဒိယ မြန်မာ နယ်စပ် အခြေစိုက် လက်နက်ကိုင်အဖွဲ့တခု ဖြစ်သည်။
“ပထမ အဆင့်အနေနဲ့ အပစ်အခတ် ရပ်ဖို့ ကိစ္စ အဓိက ဆွေးနွေးတယ်၊ ထာဝရ ငြိမ်းချမ်းရေးတို့၊ နိုင်ငံရေး ဆွေးနွေးမှုတွေက ဖြည်ဖြည်း သွားမှာပါ၊ အသေးစိတ် အချက် အလက်တွေကို နှစ်ဘက်စလုံးက ကြေညာသွားမှာပါ” ဟု အစိုးရဝန်ကြီးတဦးက ဧရာဝတီကို ပြောသည်။
နှစ်ဖက် တွေ့ဆုံရာတွင် အစိုးရဘက်မှ မီးရထားဝန်ကြီး ဦးအောင်မင်း၊ သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်း၊ ချင်းပြည်နယ်၊ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးတို့ ပါဝင်သည်။
CNF အဖွဲ့မှ ဒေါက်တာရွှေခါး၊ ဒေါက်တာ ဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်၊ ပူးရားလ်နှင်း၊ ပူဆောလမွန်၊ ဆလိုင်းပီတာလျန် စသည့်တို့ ပါဝင်ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုသည် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ဆိုသည်။
“ထာဝရငြိမ်းချမ်းရေး ရလိမ့်မယ် လို့တော့ မပြောရဲသေးပါဘူး၊ ဒါပေမယ့် သားစဉ် မြေးဆက် ငြိမ်းချမ်းရေး အတွက်တော့ ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် ဆွေးနွေးရမှာပါ” ဟု ရန်ကုန်တွင် နေထိုင်သော ဦးဇိုဇမ်က ပြောသည်။
အိန္ဒိယနယ်စပ်မှ ရောက်လာသော CNF ကိုယ်စားလှယ် အဖွဲ့ဝင်များ ဟားခါးမြို့သို့ ပြီးခဲ့သည့် ရက်အနည်းက ရောက်ရှိစဉ် ဒေသခံ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း ချင်းသတင်းဌာန ခိုနူမ်းထုန်တွင် ရေးသားထားသည်။
CNF သည် ယခင် စစ်အစိုးရနှင့် ၁၉၉၇ ခုနှစ်တွင် တကြိမ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
၁၉၈၈ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သော CNF သည် မြန်မာနိုင်ငံ၏ အင်အား အနည်းဆုံးသော လက်နက်ကိုင်အဖွဲ့များတွင် ပါဝင်သည်။
ယခုအချိန်တွင် လက်နက်ကိုင်အင်အား မည်မျှရှိသည်ကို မသိရသေးပေ။
၁၉၈၉ ခုနှစ်တွင် CNF တပ်ဖွဲ့ဝင် ၇၀ ခန့်သည် ကချင် လွတ်လပ်ရေး တပ်မတော် KIA ထိန်းချုပ်ရာ ဒေသသို့ သွားရောက်ပြီး လက်နက်ကိုင်သင်တန်း တက်ခဲ့သည်ဟု သိရသည်။