ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ဘုရားပွဲတွင် စနေနေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၄ ဦး သေဆုံးပြီး၊ ၄၀ ကျော် ဒဏ်ရာ ရသွားကြောင်း သိရသည်။
အနန်းကွင်းကျေးရွာဘုရားပွဲရှိ စားသောက်ဆိုင်တခုအနီးတွင် ည ၁၁ နာရီ ခန့်က ဖြစ်ပွားခဲ့သော ထိုပေါက်ကွဲမှုကြောင့် သေဆုံးရသူများထဲတွင် ကရင် အမျိုးသမီးငယ် နှစ်ဦး ပါဝင်ကြောင်း ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

“ဘုရားပွဲတော်မှာ အပြစ်မဲ့တဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မလုပ်သင့်ဘူး၊ ဒီလုပ်ရပ်အပေါ် ဒေသခံတွေက ဒေါသထွက်နေကြတယ်” ဟု ၎င်းက ဆိုသည်။
“ဘယ်အဖွဲ့က ဖောက်ခွဲတယ်ဆိုတာတော့ သေချာ မသိသေးပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသတွင် အစိုးရတပ်များနှင့် KNU ခေါ် ကရင် လက်နက်ကိုင်တပ်ဖွဲ့တို့ အကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ထိုဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အစိုးရထုတ် သတင်းစာများတွင် ဖော်ပြခြင်း မရှိသေးပေ။
အစိုးရနှင့် KNU တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် ကာလတွင် ဤပေါက်ကွဲမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဤလုပ်ရပ်သည် KNU ၏ လုပ်ရပ် မဟုတ်ကြောင်း ထိုဒေသတွင် လှုပ်ရှားသော KNU တပ်မဟာ ၆ ဗိုလ်ကြီးစောထဲနေက ဧရာဝတီကို ပြောသည်။
နှစ်စဉ် ကျင်းပသော အနန်းကွင်းရွာဘုရားပွဲသည် အထူး စည်ကားသည့် ပွဲတော်တခု ဖြစ်သည်။
ပွဲတော်လုံခြုံရေး အတွက် ဒေသခံ စစ်ဆင်ရေးနှင့် ကွပ်ကဲရေး (စကခ-၁၉) တပ်ဖွဲ့က တာဝန်ယူခဲ့သည်ဟု သိရသည်။
ဗုံးပေါက်ကွဲမှုများ မြန်မာနိုင်ငံတွင် မကြာခဏ ဖြစ်ပေါ်နေပြီး တရားခံများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံအနီး အများသုံး သန့်စင်ခန်းတွင် ဒီဇင်ဘာလအတွင်း ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတဦး သေဆုံးခဲ့ပြီး လူတချို့ ဒဏ်ရာရရှိခဲ့သည်။