ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံသို့ သွားရောက်အားပေးသည့် လှုပ်ရှားမှုတရပ်ကို နိုင်ငံရေးလှုပ်ရှားသူများကယမန်နေ့နံနက် ၉ နာရီမှစ၍ ပြုလုပ်ကြောင်း သတင်းရရှိသည်။
၈၈ မျိုးဆက်ကျောင်းသားများ၊ မျိုးဆက်သစ်လူငယ်များအဖွဲ့ (GW)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ၁၀၀ ခန့်ပါဝင်သည့် အဖွဲ့သည် ရခိုင်ပြည်နယ် ဗူးသီးတောင်ထောင်တွင် အကျဉ်းကျခံနေရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင် ဦးကျော်မင်းအပါအဝင် တခြားသော နိုင်ငံရေး အကျဉ်းသား ၁၅ ဦးခန့်၏ မိသားစုဝင်များကို တွေ့ဆုံအားပေးခဲ့ကြောင်း လှုပ်ရှားမှုအဖွဲ့ဝင်တဦးဖြစ်သည့် စမ်းချောင်းကိုကိုကြီးက ပြောသည်။
“နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးဘူးဆိုတာကို ပြည်သူလူထုနဲ့ ကမ္ဘာကသိစေချင်တယ်။ ဒါကြောင့် လှုပ်ရှားမှုတွေကို စပြီးလုပ်တာပါ” ဟု ၎င်းကဆိုသည်။
မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ နိုင်ငံရေးအကျဉ်းသားများ အများအပြား လွတ်မြောက်လာမည်ဟု မိသားစုများအနေဖြင့် မျှော်လင့်ကြကြောင်း၊ သို့သော်လည်း အနည်းငယ်သာ လွတ်မြောက်လာကြောင်း၊ ထို့ကြောင့် အကျဉ်းထောင် အသီးသီးရှိ နိုင်ငံရေး အကျဉ်းသားများနှင့်အတူ တစိတ်တည်းတဝမ်းတည်း ရှိသည်ဟု ပြသရန်ဖြစ်ကြောင်း စမ်းချောင်းကိုကိုကြီးကပြောသည်။
ယခု သွားရောက်တွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားများအတွက် ဖတ်ရှုရန် စာအုပ်စာတန်းများနှင့် ငွေကြေးအနည်းငယ်ကိုလည်း မိသားစုဝင်များအား ပေးအပ်ကြောင်းသိရသည်။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေး စသည့် အခြေအနေများနှင့် ဆက်စပ်နေကြောင်း၊ ထို့ကြောင့် နိုင်ငံတိုးတက်ရေးကို ရှေးရှု၍ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း စမ်းချောင်းကိုကိုကြီးက ပြောသည်။
ထို့အပြင် မိသားစုလိုက် အကျဉ်းကျခံနေရသည့် CRPP အဖွဲ့ဝင် ဦးကျော်မင်း၏ ရှေ့နေဦးကျော်ဇံက “အကျဉ်းကျနှစ်တွေ လျှော့ပေးလို့ နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို အပြီးအပိုင် လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဆိုသည်။
ဤလှုပ်ရှားမှုကို နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်မချင်း တနင်္ဂနွေနေ့တိုင်းတွင် ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။
၂၀၀၇ ခုနှစ်ကလည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုဂျင်မီ စသူတို့ ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား မိသားစုများကို သွားရောက်တွေ့ဆုံသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ဖူးသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင် အင်းစိန်ထောင်မှ လွတ်မြောက်လာပြီးနောက် တနိုင်ငံလုံးလှည့်လည်ကာ အကျဉ်းကျခံနိုင်ငံရေးအကျဉ်းသား မိသားစုများနှင့်လည်း တွေ့ဆုံအားပေးမှုများ ပြုလုပ်ခဲ့သေးသည်။
ပြည်တွင်း ဧရာဝတီ သတင်းထောက် ဝင့်နဒီ ပူးပေါင်းရေးသားသည်။