အားကစားဝန်ကြီးဟောင်း သူရ ဦးအေးမြင့် ဦးဆောင်သော ပြန်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီသည်ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လွှတ်တော်သို့ တင်သွင်းမည့် မီဒီယာ ဥပဒေကြမ်း၌ ဒီမိုကရေစီနှင့် မညီသော အချက်များ၊ သတင်းလွတ်လပ်ခွင့်ကို ထိပါးသော အချက်များ ပါဝင်လာပါက ကန့်ကွက် ပြင်ဆင်သွားရန် ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။
နေပြည်တော်တွင် ဇန်နဝါရီလ ၆ ရက်နေ့က ပြုလုပ်သော အဆိုပါ ကော်မတီအစည်းအဝေးတွင် လွှတ်တော်သို့ ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းလာမည့် မီဒီယာဥပဒေကြမ်းကို ဂရုတစိုက်လေ့လာပြီး လွှမ်းမိုး ချုပ်ကိုင်သော အချက်အလက်များအား ကန့်ကွက်ပြင်ဆင်ရန် ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်ကြောင်း ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီသည် ၁၉၆၂ ပုံနှိပ် အက်ဥပဒေ၊ အီလက်ထရောနစ် ဥပဒေများကဲ့သို့ ခေတ်မမီတော့သည့် ဥပဒေများ၊ ဖျက်သိမ်းသင့်သည့် ဥပဒေများကို ဖျက်သိမ်းရေးအတွက် ကြိုးပမ်းမည်ဖြစ်ကြောင်း သူက ဆိုသည်။
“ကော်မတီက ရန်ကုန်မှာ သတင်းသမားတွေ၊ ရုပ်ရှင်လောကသားတွေ၊ မီဒီယာသမား ပေါင်းစုံနဲ့ တွေ့ပြီးပြီ။ တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ တော်တော်များများ စုဆောင်းရထားပြီ။ အားလုံးဆီက ရတဲ့ အချက်အလက် တွေနဲ့ ဘာတွေ လုပ်ရမလဲ၊ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာလည်း ဆွေးနွေးပြီးပြီ။ မလိုအပ်တဲ့ ဥပဒေမျိုးတွေ ဖျက်သိမ်းဖို့၊ ဥပဒေသစ်မှာလည်း ထိန်းချုပ်မှုတွေ မပါဖို့ တတ်နိုင်သမျှ ကြိုးစားသွားမယ်” ဟု ၎င်းက ပြောသည်။
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း လက်အောက်တွင် အလွဲသုံးစားမှုများ၊ မလျှော်ကန်သော အပြုအမူများကိုလည်း စစ်ဆေးတွေ့ရှိရကြောင်း ယင်းကော်မတီမှ သိရှိရသည်။
“နံပါတ် ၁၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဆိုတဲ့ အဖွဲ့မှာ ပြန်ကြားရေးက တိုက်ရိုက်ခန့်အပ်တဲ့ လူတွေနဲ့ ပြန်ကြားရေး ဝန်ထမ်းဟောင်းတွေက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေဖြစ်ပြီး ကိုယ်ကျိုးအတွက် တခြားသူတွေကို ဖိနှိပ် စီးပွားရှာတဲ့ ပုံစံမျိုးတွေ တွေ့တယ်။ နံပါတ် ၂၊ အခု လက်ရှိဖွဲ့စည်းထားတဲ့ စာပေစာနယ်ဇင်း အဖွဲ့က ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လက်ကိုင်တုတ်လို ဖြစ်နေတယ်။ အဲဒီတော့ လွတ်လပ်တဲ့၊ သိက္ခာသမာဓိရှိတဲ့ စာနယ်ဇင်းကောင်စီတခု အရမ်းလိုအပ်နေတယ်။ ဒီကောင်စီက သတင်းသမားတွေ၊ စာနယ်ဇင်းသမားတွေဘက်က တရားမျှမျှတတ ရပ်တည်ပေးရမယ့်အဖွဲ့အစည်းဖြစ်တယ်။ နံပါတ် ၃၊ ရန်ပုံငွေ အလွဲသုံးစား လုပ်တဲ့အမှုတွေလည်း ရှိနေတယ်။ နောက်ပြီး ခိုးကူးငွေတွေ မပျောက်ဘဲ ဖြစ်နေတာ၊ ခိုးကူးပင်ရင်း တွေကို ထိထိရောက်ရောက် မနှိမ်နင်းနိုင်တာ ဘာကြောင့်လဲ ဆိုတာကို စိတ်ဝင်စားစရာ ဖြစ်စဉ် တခုအနေနဲ့ တွေ့ရတယ်။ အဲဒီတော့ လွှတ်တော်မှာ ဒါတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ အဆိုတွေ တောက်လျှောက် တင်သွားမယ်” ဟု ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ရှင်းပြသည်။
ကော်မတီအနေနှင့် ဆုံးဖြတ်ချက်များ ချမှတ်ထားသော်လည်း လွှတ်တော်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ အကြားတွင်ပင် သဘောထားကွဲလွဲမှုများ ရှိနေကြောင်း သိရှိရသည်။
“ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်တွေမှာ ပြုပြင်ပြောင်းလဲချင်တဲ့သူနဲ့ မပြုပြင်မပြောင်းလဲဘဲ နေချင်တဲ့သူတွေ နှစ်မျိုးကွဲနေတယ်။ တပ်က ကိုယ်စားလှယ် အများစုရဲ့ သဘောထားကလည်း ရှိသေးတယ်။ အဲဒီတော့ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက မီဒီယာဥပဒေကြမ်း တင်သွင်းလာတဲ့အခါမှာ ကန့်ကွက်ပြင်ဆင်တာတွေ လုပ်ဖို့ အတော်ကို ရုန်းကန် ရပါလိမ့်မယ်။ အရပ်စကားနဲ့ပြောရရင် အစိုးရဘက်က တင်လာတာကို ပြင်ဖို့၊ ဖျက်ဖို့ဆိုတာက အတော်ကို မလွယ်ပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောသည်။
ယင်းအပြင် အမျိုးသားလွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဒေါက်တာခင်ရွှေတို့ ကဲ့သို့သော မီဒီယာများအပေါ် ထိန်းချုပ်လိုသူများက အင်အားကြီးလျက်ရှိသဖြင့် လွတ်လပ်ပွင့်လင်းသော မီဒီယာဥပဒေ ပေါ်ပေါက်ရေး မလွယ်ကူကြောင်း သိရှိရသည်။
“အမျိုးသား လွှတ်တော်က မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်လို့ အကြံဉာဏ်ယူတဲ့ပွဲ ဆိုပြီး ဇန်နဝါရီ ၂ ရက်က မီဒီယာတွေကို ဆီဒိုနားဟိုတယ်ကို ဖိတ်တယ်။ ပြီးတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေက မီဒီယာတွေအပေါ်ကို
အရမ်း ကောင်းတယ်၊ သူ့မှာ အပြစ်မရှိဘူး၊ မီဒီယာတွေက နားလည်မှုလွဲတာ ဆိုတဲ့အကြောင်းတွေပြောတယ်။ မီဒီယာ ဥပဒေနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တခုမှ တောင်းမသွားဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းသမား တဦးက ပြောသည်။
ဒေါက်တာခင်ရွှေက ပြည်တွင်းမီဒီယာများသည် အပြုသဘောမရှိဘဲ အဆိုးမြင်ကြကြောင်း၊ သူ၏ ကိုယ်ပိုင်ငွေကြေး သိန်းထောင်ချီ အကုန်အကျခံကာ ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-ဂျပန် စီးပွားရေး ဆွေးနွေးပွဲကို သတင်း မရေးကြဘဲ ဒေါ်အောင်ဆန်းစုကြည် သတင်းများနှင့် ဝန်ကြီးများရုံးကို ဟိုတယ်အသွင်ပြောင်းမည့် အပေါ် ကန့်ကွက်သည့် သတင်းများကိုသာ ရေးသားကြကြောင်း ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော စီးပွားရေးဆိုင်ရာ အစည်းအဝေး တခုတွင် ပြစ်တင်ဝေဖန်ခဲ့သဖြင့် ပြည်တွင်းသတင်းသမား ၂၀၀ ကျော် လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ ကြသည်။
ဝါရင့် သတင်းစာဆရာကြီး တဦးကမူ အစိုးရအတွင်းတွင် သာမက၊ လွှတ်တော်နှင့် စစ်တပ်အတွင်းတွင်ပါ ပြုပြင်ပြောင်းလဲရေး သမားနှင့် သဘောထားတင်းမာသူများ အင်အားပြိုင်ဆိုင်နေကြသဖြင့် သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက် နှောင့်နှေးနိုင်ကြောင်း သုံးသပ်သည်။