အစိုးရတပ် ရဟတ်ယာဉ်တစင်းကို ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ဇန်နဝါရီလ ၄ ရက်နေ့တွင် ပစ်ခတ်လိုက်သည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)က ပြောသည်။
“ပစ်တာ လုံး၀ ကျသွားတဲ့ ပုံစံတော့ မဟုတ်ပါဘူး၊ ရဟတ်ယာဉ် ပျက်စီးသွားတယ်၊ ပျက်စီးသွားပြီးတော့ ခက်ခက်ခဲခဲနဲ့ ဗန်းမော်ကို ပြန်ဆင်းသွားနိုင်တယ်” ဟု KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၃ ဒေသရှိ တပ်ဖွဲ့ဝင်များက ထိုရဟတ်ယာဉ်အား ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးလနန်က ပြောသည်။
အစိုးရတပ်က ရဟတ်ယာဉ်များကို ရိက္ခာ၊ လက်နက်၊ အရာရှိတချို့ကို သယ်ယူပို့ဆောင်ရာတွင် သုံးလေ့ရှိသည်။
ဤအတောအတွင်း ကချင်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ရဟတ်ယာဉ် ထိခိုက်ခဲ့သည့် မိုးမောက်မြို့နယ်အတွင်း ယမန်နေ့က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အစိုးရတပ်အင်အား တိုးချဲ့မှုကို ကချင်ပြည်နယ်ရှိ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ၊ ဒေါ့ဖုန်းယန်မြို့နယ်တို့တွင် တွေ့ရကြောင်း၊ တပ်အင်အား တိုးရခြင်းမှာ နယ်မြေစိုးမိုးရေး အတွက် ဖြစ်ဖွယ်ရှိကြောင်း ဦးလနန်က ပြောသည်။
“ဗန်းမော်နဲ့ လိုင်ဇာကတော့ ကုန်တင်ကားတွေ အမြဲ အဝင်အထွက် ရှိတယ်၊ လမ်းမှာ KIA စခန်းတွေနဲ့ အစိုးရ စခန်းတွေ ရောပြီးတော့ နေကြတယ် ဆိုတော့ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားလို့ မရဘူး၊ ကုန်သည်တွေကတော့ ဖြတ်သွားဖြတ်လာ အမြဲ ရှိ တယ်၊ ဒါပေမယ့် လိုင်ဇာနဲ့ မြစ်ကြီးနား လမ်းကြောင်းက လုံး၀ ပျက်နေတုန်းပဲ။ ဒါကြောင့် ပျက်နေတဲ့ လမ်းကြောင်းကို အစိုးရက ရှင်း လင်းနိုင်အောင် လုပ်တာ ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုပြီး အပစ်အခတ် ရပ်စဲခဲ့ သည်။ အပစ် ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော် လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လတွင် စတင်၍ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့ခြင်းဖြစ်သည်။
ကချင်ဒေသတွင် ထိုးစစ်ဆင်ခြင်း မပြုရန် သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက် ပြီးခဲ့သည့်လက ထွက်ပေါ်လာခဲ့သော်လည်း စစ်တပ်က လိုက်နာခြင်း မရှိကြောင်း တွေ့ရသည်။