အစိုးရက ကားဟောင်း အပ်နှံပြီး ကားသစ် တင်သွင်းနေကြသူများ ကို ဒေါ်လာ သောင်းချီ တန်သည့် မော်ဒယ်မြင့် ဇိမ်ခံ ကားသစ်များ ထပ်မံတင်သွင်းခွင့်ပြုလိုက်သောကြောင့် ဈေးကွက်တွင် ကားဟောင်း ဈေးနှုန်းနှင့် ကားပါမစ် ဈေးနှုန်းများ ထိုးတက်သွားကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကားဟောင်းအပ်နှံပြီး ကားသစ်တင်သွင်း နေကြသူများကို အမေရိကန် ဒေါ်လာသောင်းချီတန် မာစီဒီး၊ BMW၊ တိုယိုတာ လင့်ခရူဆာ၊ တိုယိုတာ လင့်ခရူဆာပရာဒို၊ Toyota Lexus စသည့် ကားများ
ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်တင်သွင်းခွင့် ပြုကြောင်း စီးပွားကူးသန်းအရာရှိ တဦးက ပြောသည်။
“တင်သွင်းခွင့်ပြုတဲ့ မိုဒယ်လ်မြင့် ကားစာရင်း ထပ်တိုးလိုက်တယ်။ အရင်က ၁၉၉၅ ကနေ ၂၀၀၂ မိုဒယ်လ် ကားတွေပဲ တင်သွင်းခွင့်ပြုတယ်။ အခု ၁၉၉၅ ကနေ ၂၀၀၆ အထိ ကားတွေ သွင်းခွင့် ပြုလိုက်တာပါ။ သွင်းလာတဲ့ မိုဒယ်လ်အလိုက် အခွန်ကောက်ပါမယ်” ဟု စီးပွားကူးသန်း အရာရှိက ဆိုသည်။
ယင်းသို့ ကားသစ်များ တင်သွင်းခွင့် ပြုမှု၏ နောက်ဆက်တွဲအဖြစ် အပ်နှံရမည့် ကားဟောင်း ဈေးနှုန်းများ ရုတ်တရက် ထိုးတက်သွားကြောင်း သိရှိရသည်။
“ကားဟောင်းဈေးတွေ ထပ်ပြီးထိုးတက်ကုန်တယ်။အပ်ရမယ့် ကားဟောင်းတစီးကို အရင် ကျပ် သိန်း ၁၀၀ လောက်ပဲ ရှိနေရာကနေ သိန်း ၁၄၀၊ ၁၅၀ ဖြစ်သွားတယ်” ဟု ဟံသာဝတီ ကားပွဲစားတဦးက ပြောသည်။
အစိုးရက နှစ် ၂၀ နှင့် နှစ် ၄၀ သက်တမ်းရှိ ကားဟောင်းများကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင် အပ်နံှခွင့်ပြုပြီး ကားသစ်များ တင်သွင်းခွင့် ပြုခဲ့သည်။
ကားဟောင်း ဈေးနှုန်းသာမက ကားသစ်များ တင်သွင်းနိုင်သည့် ပါမစ် ဈေးနှုန်းမှာလည်း ဆက်လက်မြင့်တက်လျက် ရှိကြောင်း သိရသည်။
“ကားဟောင်း အပ်နှံပြီး ရလာတဲ့ ကားသစ် သွင်းနိုင်တဲ့ ပါမစ်ရောင်းစားတဲ့ ဈေးကွက်ကလည်း အတော်ကို ဖြစ်ထွန်းတယ်။ ပါမစ် တစောင်ကို အခု လက်ရှိ ကျပ်သိန်း ၁၅၀ အထက်မှာပဲရှိတယ်။ အစိုးရ မူဝါဒ အပြောင်းအလဲမှာ ဈေးကွက်က အတော်ကို လှုပ်တယ်” ဟု ဟံသာဝတီ ကားပွဲစားက ဆိုသည်။
အစိုးရ၏ ကားသစ်များ တင်သွင်းခွင့် မူဝါဒသစ်ကြောင့် အလွန်အမင်း မြင့်တက်ခဲ့သော ကားဈေးနှုန်းများ ကျဆင်းခဲ့ သော်လည်း ပြည်သူအများစု လက်လှမ်းမီသော အနေအထားတွင် မရှိသေးကြောင်း၊ အနည်းဆုံး ကျပ်သိန်း ၁၀၀ ကျော်ရှိမှသာလျှင် နှစ် ၂၀ ကျော် ဂျပန်ကားဟောင်းများ ဝယ်စီးနိုင်မည်ဖြစ်ကြောင်း သိရသည်။