အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဒေါ်အောင်ဆန်းစုကြည်အား ပါတီ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း အပါအဝင် ခေါင်းဆောင်မှု အပြောင်းအလဲ တချို့ကို ယမန်နေ့က ပြုလုပ်လိုက်သည်။
သက်ကြီးခေါင်းဆောင်များ ပါဝင်သည့် သဘာပတိအဖွဲ့ကို ဖွဲ့စည်းပြီး ထိုအဖွဲ့ကို ဦးတင်ဦးက နာယကအဖြစ် တာဝန်ယူမည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီကို ပြောသည်။
ဦးဝင်းတင်၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးသန်းထွန်း စသည့် ပါတီ၏ ဝါရင့်ခေါင်းဆောင်များ သဘာပတိအဖွဲ့တွင် ပါဝင်ကြမည်ဟု သိရသည်။
“ဥက္ကဋ္ဌ စနစ်နဲ့ သွားမယ်၊ ဒု ဥက္ကဋ္ဌတော့ မထားတော့ဘူး၊ အတွင်းရေးမှူးအဖွဲ့ ဆိုတာပဲ ရှိမယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။
ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၊ ပါတီခေါင်းဆောင်ပိုင်းတွင် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူ ဦးလွန်းတင် တို့သည် ယခု အပြောင်းအလဲတွင် ပါဝင်ခြင်း မရှိတော့ဘဲ အသက်အရွယ် ကြီးရင့်ပြီဖြစ်သောကြောင့် လွန်ခဲ့သည့်နှစ်အနည်းငယ်ကပင် NLD လှုပ်ရှားမှုများနှင့် ကင်းကွာခဲ့ပြီးဖြစ်သည်ကိုတွေ့ရသည်။
ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင် အပါအဝင် ကျန်ရှိနေသော ဗဟိုအလုပ်အမှုဆောင်များက မူလတာဝန်များကို ဆက်လက် တာဝန်ယူမည်ဟု သိရသည်။
ယခုအခါ ပါတီဝင်အသစ်များကို စတင် လက်ခံနေပြီဖြစ်ပြီး မကြာမီ ပါတီညီလာခံတရပ်ကို ပါတီဝင် အသစ်များဖြင့် ခေါ်ယူခြင်း၊ ထိုညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် ဗဟိုအလုပ် အမှုဆောင်သစ်များ ထပ်မံ ရွေးချယ်ခြင်းတို့ကို ပြုလုပ်မည်ဟု ဦးအုန်းကြိုင်က ဆက်ပြောသည်။
ယမန်နေ့နံနက်က ရန်ကုန်မြို့ ဌာနချုပ်ရုံးတွင် ပါတီ ဆိုင်းဘုတ်သစ် တင်ပွဲ ကျင်းပပြီး ပါတီဝင် လျှောက်လွှာ တသိန်းကို ပြည်နယ် နှင့် တိုင်း အသီးသီးသို့ ဖြန့်ဝေခဲ့သည်။
NLD က ပါဝင်ယှဉ်ပြိုင်မည့် ကြားဖြတ်ရွေးကောက်ပွဲများကို လာမည် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။
မဲဆန္ဒနယ် ၄၈ နေရာရှိရာ NLD ကိုယ်စားလှယ်များက နေရာအားလုံးတွင် ဝင်ပြိုင်မည်ဟု သိရသည်။
ကိုယ်စားလှယ်လောင်းစာရင်းကို NLD က ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သတင်းထွက်နေသည်။