အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ် ကာလအတွင်း တိုက်ခိုက်မှုများ မပြုလုပ်ရန် ကရင်အမျိုးသား အစည်းအရုံး (KNU) က ရှေ့တန်းတပ်များကို ယခုလဆန်းမှ စတင်၍ ညွန်ကြားထားကြောင်း သိရသည်။
ယခုလ ၁၂ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၌ ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ရည်ရွယ်ပြီး အပစ်ရပ်ရန် ညွှန်ကြားခြင်း ဖြစ်သည်ဟု သိရကြောင်း KNU တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေက ဧရာဝတီသို့ ပြော သည်။
“အပစ်အခတ် ရပ်စဲရေး အတွက် ငြိမ်းချမ်းရေး စကားပြောမယ်၊ ဒါကြောင့်မို့ ပြည်တွင်းစစ်ရဲ့ နှစ် ၆၀ ကျော် ရှည်ကြာလာတဲ့ အပေါ် အစိုးရစစ်တပ် သွားရေး လာရေး လမ်းကြောင်း အနှောင့်အယှက် မပြုလုပ်ရန်နဲ့ တိုက်ပွဲ မဖော်ဆောင်ရေး ကြေးနန်းနဲ့ ထုတ်ပြန်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
KNU တပ်ဖွဲ့ဝင်များကလည်း ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး လိုလားသည်ဟု စောထဲနေက ဆက်ပြောသည်။
ဘားအံမြို့တွေ့ဆုံပွဲတွင် အစိုးရ ကိုယ်စားလှယ် အဖွဲ့အား မီးရထားဝန်ကြီး ဦးအောင်မင်းက ဦးဆောင်မည် ဖြစ်ပြီး KNU ကိုယ်စားလှယ်အဖွဲ့တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဦးစောဒေးဗစ်ထော အပါအဝင် ၁၉ ဦးခန့် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ဦးစောဒေးဗစ်ထောက “လူ့အခွင့်အရေး ချိုးဖောက်မှု၊ လုပ်အားပေး ခိုင်းစေခြင်း၊ အခွန် ကောက်ခံတာတို့ကို ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အတည်မပြုနိုင်သော သတင်းများအရ KNU ထိန်းချုပ်ဒေသများ၌ မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးကြမည်ဟု သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းက KNUတပ်ဖွဲ့မှ ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။
နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့တို့တွင် အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင် သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း တရားဝင် ထပ်မံ တွေ့ဆုံမည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
KNU အဖွဲ့သည် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးတို့ အတွက် အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီ ဖြစ်သည်။
မြန်မာပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်သည့် နေရာများတွင် တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွားနေသည်မှာ ၇ လ ကြာပြီ ဖြစ်သော်လည်း KNU လှုပ်ရှားသည့် ထိုင်းမြန်မာနယ်စပ်တွင် တိုက်ပွဲများ ငြိမ်သက်နေသည်။
တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ဘုရားသုံးဆူမြို့ ဘုရားပွဲတွင် စနေနေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၄ ဦး သေဆုံးပြီး၊ ၄၀ ကျော် ဒဏ်ရာ ရသွားကြောင်း သိရသည်။