အခြေခံ လူ့အခွင့်အရေးများကို တောင်းဆိုဆန္ဒပြသည့် ရန်ကုန် တောင်ဒဂုံမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးစိုးကြွယ်ကို ဒေသခံ အာဏာပိုင်များက ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
“ဥပဒေ မထုတ်ရသေးတဲ့အတွက် ဒီလိုမျိုး ခွင့်မပြုဘူး၊ ဆက်မသွားပါနဲ့ ပြောတော့ အဖေက မင်းတို့လည်း မင်းတို့ အလုပ်လုပ်တာ၊ ငါလည်း ငါ့အလုပ် ငါလုပ်မယ်ဆိုပြီး ဆက်လျှောက်တော့ ဖမ်းသွားတယ်။ လောလောဆယ်တော့ တောင်ဒဂုံ ရဲစခန်းမှာ စစ်ဆေးနေတုန်းပဲ” ဟု သားမက်ဖြစ်သူ ကိုညီညီဌေးက ပြောသည်။
ဦးစိုးကြွယ်ကို တောင်ဒဂုံမြို့နယ်မှူးက စစ်ဆေးမေးမြန်းမှုများ ပြုနေပြီး အာမခံပေးနိုင်သည့် ပုဒ်မမျိုးဖြစ်ပါက အာမခံ ပေးနိုင်ရန်အတွက် ပြင်ဆင်ထားရန် မိသားစုဝင်များကို မှာကြားလိုက်သည်ဟု သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) မှ ပါတီအမည်သုံးက ငွေကြေး ကောက်ခံနေခြင်းများကို အရေးယူပေးရန်၊ ဝန်ထမ်းများ အကျင့်ပျက် လာဘ်စားနေမှုများကို တိုင်ကြားပါက အရေးယူပေးရန်၊ ရပ်ကွက်အတွင်းရှိ လမ်းများကို တပြေးညီဖြစ်အောင် ခင်းပေးရန်၊ ယာဉ်လိုင်း ပြေးဆွဲနေသော လမ်းများကို အဓိကထား ပြုပြင်ပေးရန်၊ လျှပ်စစ်မီတာခကို ပြန်လည် ပြင်ဆင်ပေးရန်နှင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး၊ မြို့တော်စည်ပင် ရေပေးဝေရေးမှ ရေကို ရေမီတာဖြင့် ပေးဆောင် သုံးစွဲနေသူများအတွက် ရေပုံမှန် ရရေး ဆောင်ရွက်ပေးရန် စသည့် အချက်များ ရေးသားထားသော စာရွက်ကို ဦးစိုးကြွယ်က ကိုင်ဆောင်ကာ တောင်ဒဂုံ ၇၁ ရပ်ကွက် အောင်စုမွန် လက်ဖက်ရည်ဆိုင်မှ စတင်၍ မိသားစုဝင်များ၊ တောင်ဒဂုံ NLD ပါတီဝင်တချို့တို့နှင့် အတူ လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။
တောင်ဒဂုံမြို့နယ်အတွင်းတွင် ကြံ့ဖွံ့ ပါတီဝင်များက ပါတီအမည်သုံးကာ မြို့နယ်တွင်း ပြုပြင်မှုများ ပြုလုပ်ပေးမည်ဆို၍ ငွေကြေး ကောက်ခံမှုများ ရှိနေကြောင်း၊ ရပ်ကွက်များအတွင်းရှိ လမ်းများမှာလည်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက ကြံ့ဖွံ့ ပါတီ မဲဆွယ် စည်းရုံးသည့် အနေဖြင့် ခင်းပေးထားသည့် လမ်းများဖြစ်ပြီး တဝက်တပျက်နှင့် မပြီးပြတ်သေးဘဲ ကျန်သည့် လမ်းပိုင်းများမှာလည်း ယိုယွင်းနေသောကြောင့် သွားလာရ ခက်ခဲနေကြောင်း တောင်ဒဂုံ ဒေသခံများက ပြောသည်။
ထို့အတူ လျှပ်စစ်မီတာခ နှုန်းထားများကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ တိုးမြှင့်လိုက်သည့်အတွက် ပြည်သူလူထု အနေဖြင့် စားဝတ်နေရေး ကြပ်တည်းမှုများ ကြုံတွေ့နေရကြောင်း၊ လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံသော်လည်း လျှပ်စစ်မီး ပုံမှန်မရခြင်း၊ ရေပုံမှန် မရခြင်းတို့ကို တင်ပြ တောင်းဆိုခွင့်မှာ နိုင်ငံသားတိုင်းတွင်ရှိကြောင်း ဦးစိုးကြွယ်က ပြောဆိုသဖြင့် ယခုကဲ့သို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များကဆိုသည်။
ဦးစိုးကြွယ်သည် ၂၀၀၇ ခုနှစ်က လောင်စာဆီ ဈေးတက်၍ ဆန္ဒပြလမ်းလျှောက်ရာတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံရပြီး မြစ်ကြီးနား ထောင်၌ ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရသူ ဖြစ်သည်။